
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဂျိုဟိုးဘာရူးမြို့မှာ အနှိပ်ခန်းတွေကို အယောင်ပြပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ နေရာတွေကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနနဲ့ မလေးရှားရဲတပ်ဖွဲ့တို့က အောက်တိုဘာ ၁၈ ညပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီစီးနင်းမှုအတွင်း မြန်မာနိုင်ငံသား ၃ ဦး၊ ထိုင်းနိုင်ငံသား ၅ ဦး၊ မလေးရှားနိုင်ငံသား ၃ ဦး ၊ ဗီယက်နမ်နိုင်ငံသား ၃ ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂ ဦး စုစုပေါင်း ၁၆ ဦးတို့ကို ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၃ ဦးအပါအဝင် ၁၆ ဦးဟာ ယာယီခရီးသွားခွင့်ကတ် (PLS) ကတ်နဲ့ ဝင်ရောက်ခဲ့တာဖြစ်ပေမဲ့ ခရီးသွားကတ်ကို အသုံးချပြီး တရားမဝင် အလုပ်တွေ လုပ်ကိုင်ခဲ့တာဖြစ်ပြီး တချို့ဆို ပထမတခေါက် ပြစ်ဒဏ်ကျူးလွန်လို့ ပြည်နှင်ဒဏ်ပေး ခံထားရသူတွေပါ ပါဝင်တယ်လို့ မလေးရှား လူဝင်ကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
အနှိပ်ခန်းတွေကို အယောင်ပြပြီး ပြည့်တန်ဆာလုပ်ငန်းဖွင့်ခဲ့တဲ့အတွက် မလေးရှားလူမျိုး ပိုင်ရှင်နဲ့ ညစောင့်ကို တရားမဝင်အလုပ်သမားတွေ ခေါ်ယူခန့်ထားတာနဲ့ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်မှုတွေနဲ့ ဖမ်းဆီးအရေးယူထားပါတယ်။
အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦးအပါအဝင် ၁၆ ဦးကို တရားမဝင် ဝင်ရောက်မှု၊ တ တရားဝင်အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်မှုနဲ့ တရားမဝင်လုပ်ငန်းတွေမှာ လုပ်ကိုင်မှုတို့အတွက် အရေးယူဆောင်ရွက်သွားမယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
Photo-Jabatan Imigresen Malaysia Negri Johor










