DVB Logo
Home
နိုင်ငံတကာ
Radio Free Europe အယ်ဒီတာ ရုရှားတွင် ဖမ်းဆီးခံရ
DVB
·
October 20, 2023
Radio Free Europe အယ်ဒီတာ ရုရှားတွင် ဖမ်းဆီးခံရ
Donate to DVB

လွတ်လပ်သော ရေဒီယို ဥရောပ/ရေဒီယိုလစ်ဘာတီ (RFE/RL) ရဲ့ အယ်ဒီတာ အယ်လ်ဆူး ကူရ်မာရှီဗာဟာ မိသားစုအရေးပေါ်ကိစ္စအတွက် ရုရှားနိုင်ငံကို လာရောက်စဉ် နိုင်ငံခြားအေးဂျင့်အဖြစ် မှတ်ပုံတင်စာရင်းသွင်းဖို့ ပျက်ကွက်မှုအတွက် ရုရှားအစိုးရက ဖမ်းဆီးထိန်းသိမ်းထားကြောင်း အောက်တိုဘာ ၁၉ ရက်မှာ RFE/RL သတင်းဌာနက ပြောကြားပါတယ်။

အမေရိကန်နဲ့ ရုရှား နိုင်ငံကူးလက်မှတ် နှစ်မျိုး ကိုင်ဆောင်ထားတဲ့ အယ်လ်ဆူး ကူရ်မာရှီဗာဟာ မိသားစုအရေးပေါ်အခြေအနေအတွက် မေလ ၂၀ ရက်က ရုရှားနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပြီး သူ့ခရီးစဉ်အပြီး ရုရှားနိုင်ငံကနေ ထွက်ခွာဖို့ သူ့ရဲ့အပြန်လေယာဉ်ကို စောင့်ဆိုင်းနေချိန်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သူ့ရဲ့ပတ်စပို့တွေကိုလည်း သိမ်းဆည်းခံခဲ့ရပါတယ်။

ရုရှားအာဏာပိုင်တွေဆီမှာ သူ့ရဲ့ အမေရိကန်နိုင်ငံကူးလက်မှတ်ကို မှတ်ပုံတင်ဖို့ ပျက်ကွက်တဲ့အတွက် ဒဏ်ရိုက်ခံရပါတယ်။

ပရာ့ဂ်မှာ အခြေစိုက်တဲ့ ကူရ်မာရှီဗာဟာ နိုင်ငံခြားအေးဂျင့်အဖြစ် စာရင်းမသွင်းခဲ့တဲ့အတွက် တရားစွဲဆိုထားကြောင်း ရုရှားအာဏာပိုင်တွေက အောက်တိုဘာ ၁၈ ရက်မှာ ကြေညာခဲ့တယ်လို့ RFE/RL သတင်းဌာနက ပြောပါတယ်။

RFE/RL သတင်းဌာနရဲ့ ယာယီဥက္ကဋ္ဌ ဂျက်ဖရီ ဂဒ်မင်းက “အလွန်လေးစားရတဲ့ လုပ်ဖော်ကိုင်ဘက်ဖြစ်ပြီး ကလေး ၂ ယောက်ရဲ့ ချစ်ခင်အားထားရတဲ့ မိခင် အယ်လ်ဆူးကို ချက်ချင်းပြန်လွှတ်ပေးဖို့ လိုအပ်ပါတယ်” လို့ ပြောဆိုပါတယ်။

ကူရ်မာရှီဗာဟာ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုဆိုင်ရာ အချက်အလက်တွေကို စုဆောင်းချိန်မှာ “နိုင်ငံခြားအေးဂျင့်” အဖြစ် စာရင်းသွင်းဖို့ ပျက်ကွက်ခဲ့ကြောင်းနဲ့ သူဟာ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်တယ်လို့ RFE/RL ရုရှားသတင်းဌာနက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရုရှားအစိုးရကတော့ ချက်ချင်း မှတ်ချက်မပေးခဲ့ပါဘူး။ အမေရိကန် နိုင်ငံခြားရေးဌာနကတော့ ကူရ်မာရှီဗာကို ဖမ်းဆီးထားတာဟာ ရုရှားက တမင်သက်သက် အနှောင့်အယှက်ပေးချင်တဲ့ပုံပေါ်ကြောင်း အောက်တိုဘာ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းစစ်ပွဲ စတင်ကတည်းက သတင်းမီဒီယာတွေအပေါ် ထိန်းချုပ်မှုကို တင်းကျပ်ထားပြီး နောက်ဆုံး လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာနတွေကိုလည်း ပိတ်ပစ်ကာ သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူ အများအပြားကို “နိုင်ငံခြား အေးဂျင့်တွေ” အဖြစ် သတ်မှတ်ခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013