
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပေါက္ကူရွာနဲ့ ကမ္ဘဲ့ ရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၉ ရက် မနက် ၁၀ နာခွဲလောက် မီးရှို့ခဲ့ပြီး ဒေသခံအမျိုးသား ၂ ဦးကို ပစ်သတ်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ရေစကြိုမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ကျေးရွာနှစ်ရွာကို မီးရှို့ခဲ့တာလို့ ရေစကြိုမြို့နယ် ပကဖ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ် မီးရှို့တာကြောင့် ပေါက္ကူရွာက နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ကမ္ဘဲ့ရွာက မီးလောင်ပျက်စီးတဲ့ နေအိမ်အတိအကျကို အတည်မပြုနိုင်သေးပါဘူး။
ရေစကြိုမြို့နယ်ထဲကို စစ်ကြောင်းဝင်ရောက်လာတာကြောင့် စစ်ရှောင်လာတဲ့ ကမ္ဘဲ့ရွာနဲ့ ကျီးကန်ရွာက အမျိုးသား ၂ ဦး စစ်ကြောင်းနဲ့တွေ့ပြီး အသတ်ခံလိုက်ရတယ်လို့ ရေစကြိုပကဖ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
“စစ်ကြောင်းနဲ့တွေ့ပြီး နှိပ်စက်အသတ်ခံလိုက်ရတာပါ။ နှစ်ယောက်လုံးက အမျိုးသားတွေပါ။ အသက် ၅၀ ကျော်လောက်ရှိပါပြီ။ စစ်ကြောင်းလာတော့ ရှောင်ရင်း တွေ့ပြီး အသတ်ခံလိုက်ရတာ။”
စစ်ကောင်စီစစ်ကြောင်းဟာ ရေစကြိုမြို့ပေါ်ကို ပြန်ဝင်ရောက်သွားခဲ့တာကြောင့် ဒေသခံတွေ ရွာတွေထဲကို ပြန်ရောက်နေပြီလို့ သိရပါတယ်။