DVB Logo
Home
Lead Story
အာဖဂန်အမျိုးသမီးဒုက္ခသည်များအတွက် ပါကစ္စတန်က အသက်မွေးဝမ်းကျောင်း သင်ပေးနေ
DVB
·
October 20, 2023
အာဖဂန်အမျိုးသမီးဒုက္ခသည်များအတွက် ပါကစ္စတန်က အသက်မွေးဝမ်းကျောင်း သင်ပေးနေ
Donate to DVB

ပါကစ္စတန်နိုင်ငံဘက်ကို ထွက်ပြေးရောက်ရှိလာတဲ့ အာဖဂန်အမျိုးသမီး ဒုက္ခသည်တွေရဲ့ဘဝ ပြန်လည်ထူထောင်ရေးအတွက် ပါကစ္စတန် အမျိုးသမီးတဦးက အသက်မွေးဝမ်းကျောင်း သင်တန်းတခု တည်ထောင်ဖွင့်လှစ်ပြီး ကူညီပေးနေပါတယ်။

ကြမ်းပြင်ပေါ်မှာထိုင်ပြီး အပ်ချုပ်စက်တလုံးနဲ့ အဝတ်ချုပ်နည်း ပြသနေတာကို အမျိုးသမီးတွေ စေ့စေ့ကြည့်နေတာကို မြင်ကြရမှာပါ။

အဲဒါကတော့ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှဝါမြို့က ဘဝမြင့်မားလိုသူတွေ အတွက် SANA ကျွမ်းကျင်မှုအကယ်ဒမီ အပ်ချုပ်သင်တန်းဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် ပါကစ္စတန်အမျိုးသမီး မာယာဘာရှီးယားက အာဖဂန်အမျိုးသမီး ဒုက္ခသည်တွေကို ကူညီသင်ကြားပေးနေတဲ့ သက်မွေးပညာသင်တန်းကျောင်း ဖြစ်ပါတယ်။

မာယာဘာရှီးယားက “ဒါဟာ အာဖဂန်နဲ့ ပါကစ္စတန် အသိုင်းအဝိုင်းတွေကို ကျွမ်းကျင်မှုတွေ စတင်သင်ကြားပေးတဲ့ လေ့ကျင့်ရေးစင်တာတခုပါ။ ကျမတို့မှာ အာဖဂန်ဒုက္ခသည် ၇၀ နဲ့ ၈၀ ရာခိုင်နှုန်းကြားရှိပြီး အဲဒီစွမ်းရည်တွေကို ပါကစ္စတန်နိုင်ငံသား ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ သင်ယူဖို့ အခွင့်အရေးလည်း ပေးနေပါတယ်” လို့ ပြောပါတယ်။

ဘာရှီးယားဟာ ပက်ရှဝါတက္ကသိုလ်က နိုင်ငံရေးသိပ္ပံဘွဲ့ကို ရရှိထားပြီး ဒီအသက်မွေးဝမ်းကြောင်းသင်တန်း အစီအစဉ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့သူပါ။ ဒီလုပ်ငန်းမစခင်တုန်းကတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုမှာ ၁၂ နှစ်ကြာ အလုပ်လုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့  ၂ နှစ် တာလီဘန်တွေ အာဏာပြန်လည်သိမ်းပိုက်ပြီးနောက်မှာတော့ နိုင်ငံက  ထွက်ပြေးခဲ့ကြရတဲ့ ဆင်းရဲနွမ်းပါးတဲ့ အာဖဂန်အမျိုးသမီးတွေကို ကူညီဖို့ သူက အဓိက လုပ်ဆောင်ခဲ့ပါတယ်။ သူ ဦးဆောင်တဲ့ သက်မွေးဝမ်းကျောင်းစင်တာမှာ စက်ချုပ်သင်တန်း၊ အနုပညာနဲ့ လက်မှုပညာ၊ ကွန်ပျူတာကျွမ်းကျင်မှု၊ ဖက်ရှင်ဒီဇိုင်း၊ အလှအပပြင်ဆင်မှုတွေကို အခမဲ့သင်တန်းပေးပါတယ်။

SANA သင်တန်းကျောင်း ကျွမ်းကျင်အရာရှိချုပ်၊ မာယာဘက်ရှီးယားက “အရင်က သင်တန်းပြီးတဲ့ အသုတ်တွေအကြောင်း ပြောရင် စက်ချုပ်သင်တန်းနဲ့ ပန်းထိုးပညာကို သင်ယူဖူးတဲ့သူတချို့က ပြည်တွင်း NGO တခုမှာ အလုပ်ရခဲ့တယ်။ တချို့က အလှပြင်သင်တန်း တက်ပြီး လွတ်လွတ်လပ်လပ် အလှပြင်ဆိုင်တွေ ဖွင့်ကြတယ်။ လုပ်ငန်းအစီအစဥ်တခုအောက်မှာ အလှအပဆိုင်ရာ သင်ခန်းစာတွေနဲ့ ဝန်ဆောင်မှုတွေ ပေးနေပါပြီ” လို့ ပြောပါတယ်။

အစပိုင်းမှာ အာဖဂန်အမျိုးသမီး ၁၀၃ ယောက်သာ သူတို့စင်တာက ကမ်းလှမ်းတဲ့ ၃ လသင်တန်းတွေမှာ ပါဝင်ခဲ့ကြပေမဲ့လည်း အခုအခါတော့ သင်တန်းသားဦးရေ နှစ်ဆကျော် တိုးလာကာ လျှောက်လွှာအသစ်တွေလည်း နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။ ဒါ့အပြင် တခြား ပါကစ္စတန်အမျိုးသမီးတွေအတွက်လည်း သင်တန်းတွေ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ ဘာရှီးယားက လုပ်ဆောင်နေပါတယ်။

ပါကစ္စတန် အလှမယ်နဲ့ သင်တန်းဆရာ ဇဟီးဒါက “တချို့သင်တန်းသူတွေက အိမ်ကနေ ဝင်ငွေရှာနေပြီ။ သူတို့က မိတ်ကပ်လိမ်းတယ်၊ သတို့သမီးတွေအတွက် အဆင်သင့်လုပ်တယ်။ လူတွေအတွက် အလှပြင်တာ၊ မျက်နှာအလှပြင်တာ စသဖြင့်ပေါ့။ အဲဒါတွေ လုပ်နေပြီ” လို့ ပြောပါတယ်။

သင်တန်းသားအားလုံးကို တပြိုင်နက်သင်ကြားဖို့ နေရာမလုံလောက်တာကြောင့် သင်တန်းသားတွေကို အုပ်စုငယ်တွေခွဲကာ တနေ့ နှစ်နာရီကနေ သုံးနာရီအထိ လေ့ကျင့်သင်ကြားပေးနေရတဲ့အတွက် အချိန်မလုံလောက်တော့ဘူးလို့ ဘာရှီးယားက ဆိုပါတယ်။ ဒါပေမဲ့လည်း သူ့မှာ ရွေးချယ်စရာ တခြားနည်းလမ်း မရှိပါဘူး။

မာယာဘက်ရှီးယားက “ကျမတို့ဆီမှာ သင်တန်းသား အများကြီးရှိပြီး စက်မလုံလောက်တဲ့အတွက် အပ်ချုပ်စက်တွေ ပေးသင့်တယ်။ မိန်းကလေးတွေကို သင်တန်းပေးရာမှာ ရပ်ကွက်တိုင်းက အကူအညီတွေ လိုတယ်။ ကျမတို့ပြောသလိုပဲ ကျမတို့ရဲ့ ရင်းမြစ်တွေက အကန့်အသတ်နဲ့ ကျမတို့နဲ့ ပူးပေါင်းဖို့ လျှောက်ထားသူ အရမ်းများတယ်။ အကူအညီရရင် တချိန်တည်းမှာ သင်တန်းသား ၂၅၀ နဲ့ ၅၀၀ ကြား လေ့ကျင့်ပေးနိုင်ပြီး ရပ်ရွာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တဲ့ အမျိုးသမီးတွေ စွမ်းဆောင်နိုင်မယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

စက်ချုပ်သင်တန်းပြီးသွားပေမဲ့ အလုပ်အကိုင် မတွေ့ရသေးတဲ့ သင်တန်းသားတွေအတွက်တော့ အခန်းတခု ငှားရမ်းပေးထားပြီး အဲဒီမှာ အထည်ချုပ်လုပ်ငန်းလုပ်ဖို့ အပ်ချုပ်စက်တွေ မတည်ပေးကာ ထုတ်ကုန်တွေကို ဈေးကွက်မှာ ဒါမှမဟုတ် အွန်လိုင်းမှာ ရောင်းချစေခဲ့ပါတယ်။

အမျိုးသမီးတဦးစီအတွက် တလကို အနည်းဆုံး ရူပီး ၈,၀၀၀ ကနေ ၁၀,၀၀၀ (ဒေါ်လာ ၂၇ မှ ၃၄ ကျော်) အထိ ဝင်ငွေရနိုင်တယ်လို့ ဘာရှီးယားက ဆိုပါတယ်။

ဒီလေ့ကျင့်ရေးစင်တာကို ပြည်တွင်းအန်ဂျီအိုက ထောက်ပံ့တဲ့ ရန်ပုံငွေနဲ့အတူ အမျိုးသမီးတွေ ထုတ်လုပ်တဲ့ အဝတ်အစားတွေ ရောင်းချရာကရတဲ့ ဝင်ငွေတွေနဲ့ ထူထောင်ထားပေမဲ့ တခါတလေတော့လည်း သူက အရင်းအနှီး စိုက်ထုတ်ပေးနေရတုန်းလို့ ပြောပါတယ်။

Ref: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013