DVB Logo
Home
မြန်မာသတင်း
အရှေ့ဒဂုံတွင် ရေဘေးသင့် အိမ်ထောင်စု ၅,၀၀၀ ကျော် စားနပ်ရိက္ခာများ လိုအပ်
DVB
·
October 19, 2023
အရှေ့ဒဂုံတွင် ရေဘေးသင့် အိမ်ထောင်စု ၅,၀၀၀ ကျော် စားနပ်ရိက္ခာများ လိုအပ်
Donate to DVB

ရန်ကုန်၊ အရှေ့ဒဂုံမြို့နယ်ရှိ ရပ်ကွက်နဲ့ ရွာ ၁၅ ခု‌ကျော်မှာ အောက်တိုဘာ ၁၉ ရက်ကစပြီး ငမိုးရိပ်ချောင်း ရေထိန်းတံခါးမှ ရေပိုလျှံလာတာကြောင့် လူနေအိမ်တွေ ရေဝင်ရောက်မှု များပြားခဲ့ပြီး အိမ်ထောင်စု ၅,၀၀၀ ကျော် ရေဘေးသင့်ကာ စားနပ်ရိက္ခာ‌တွေ လိုအပ်နေတယ်လို့ ရန်ကုန်မြို့ခံ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

အရှေ့ဒဂုံမြို့နယ် ရေကြီးမှုဟာ အောက်တိုဘာ ၁၂ ရက်က ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး လှည်းကူးမြို့နယ်အတွင်းက ပြန်ကျလာတဲ့ရေဟာ ငမိုးရိပ်‌ချောင်းတလျှောက် စီးဆင်းသွားတာကြောင့် လှည်းကူးနဲ့ အနီးစပ်ဆုံးမြို့နယ်ဖြစ်တဲ့ အရှေ့ဒဂုံမြို့နယ်မှာ ရေကြီးနေခဲ့တာ ဖြစ်ပါတယ်။

လှည်းကူးနဲ့ ထိစပ်ရွာတွေဖြစ်တဲ့ မလစ်၊ ကျူချောင်း၊ ကြာနီကန်၊ ဒေါပြားပေါက် စတဲ့ရွာတွေမှာ ရေအနက် ၃ ပေခွဲခန့်အထိရှိပြီး အမှတ် ၂ လမ်းအနားရှိ ရပ်ကွက်တွေဖြစ်တဲ့ ၁၂၁၊ ၁၂၂၊ ၁၂၃၊ ၁၂၅၊ ၁၂၄ နဲ့ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ၁၅၅၊ ၁၅၆၊ ၁၅၇၊ ၁၃၈၊ ၁၃၂၊ ၁၃၀ ရပ်ကွက်တွေ၊ ဒဂုံတက္ကသိုလ်ဘူတာအနီးရှိ လူနေအိမ်တွေမှာ ရေဝင်ရောက်ခဲ့ပါတယ်။

မေတ္တာသင်္ဂဟအသင်း တာဝန်ရှိသူတဦးက “လှည်းကူးဘက်ကလာတဲ့ ရေက ဒဂုံအရှေ့မှာပဲ လာစုနေတာ။ မလစ်၊ ရှမ်းတဲကြီးတို့ဆို လှည်းကူးဘက်မှာရော ဒဂုံအရှေ့မှာရောပါတယ်။ ၁၃၃ ရပ်ကွက်ကတော့ လမ်းမကို ရေတော့ကျော်နေပြီ၊ အိမ်တွေထဲ ရေမဝင်သေးဘူး။ နောက်က ရပ်ကွက်တွေဖြစ်တဲ့ ၁၅၅ ကနေ ၁၅၇ အထိ၊ ၁၃၂၊ ၁၃၈၊ ၁၃၀ နဲ့ တက္ကသိုလ်ဘူတာနားက တဝိုက်မှာတော့ အိမ်အတွင်းထဲတွေ ရေဝင်သွားတော့ ရေအနက် ၄ ပေနားအထိ ရှိတယ်” လို့ ပြောပါတယ်။

ရေဘေးသင့် အိမ်ထောင်စုတွေအတွက် ရေဘေးစင်တာတွေ ဖွင့်လှစ်ထားတာမျိုး မရှိတာကြောင့် ရေဘေးလွတ်ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာတွေကို ရွှေ့ပြောင်းနေထိုင်နေကြရပြီး ရေကြီးမှုဖြစ်ပေါ်နေပေမဲ့ စာမေးပွဲဖြေဆိုရက်ဖြစ်တာကြောင့် စာသင်ကျောင်းတွေတော့ ပိတ်ထားခြင်း မရှိပါဘူး။

ထမင်းဘူးလိုက်ဝေသူတဦးက “လှည်းကူးမှာ ကျလာတဲ့ရေက တဖြည်းဖြည်းနဲ့ ဒဂုံအရှေ့ထဲကို ဝင်လာတာပါ။ ၁၅၆ တရပ်ကွက်တည်းမှာဆို တကယ်နေလို့မရတဲ့ အိမ်မှာ အိမ်ကြမ်းပြင်ရဲ့ ၃ ပေလောက်အထိ ရေတက်တယ်။ အဆင်ပြေသလို ဆင့်ထိုး‌ပြီးနေရတဲ့ မိသားစုက အိမ်ထောင်စု ၃၀၀ ကျော်လောက်ရှိတယ်။ လူဦးရေအားဖြင့် ၁,၀၀၀ ကျော်ရှိတယ်။ ရပ်ကွက်တွေကို ဆန်တွေ ဆီတွေ ရောက်ပေမဲ့ ခက်တာက သူတို့ ချက်စရာ မြေပြင်ကို မရှိဘူး။ ပရဟိတအသင်းတွေက အချိန်မီအောင်ပို့ပေးနေရတဲ့ ထမင်းဘူးတွေကိုပဲ သူတို့ စောင့်နေရတယ်” လို့ ပြောပါတယ်။

ရေကြီးမှုနေရာကို ရန်ကုန်မြို့ခံကယ်ဆယ်ရေးအသင်းတွေနဲ့ မြို့နယ်မီးသတ်တွေက ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်နေကြပြီး ရေဘေးသင့်သူတွေအတွက် ဆန်၊ ဆီ၊ ဆားလှူဒါန်းမှုတွေ ရှိနေပေမဲ့ ချက်ပြုတ်စားသောက်လို့ မရသေးတာကြောင့် စားနပ်ရိက္ခာခြောက်တွေဖြစ်တဲ့ မုန့်၊ ခေါက်ဆွဲထုပ်နဲ့ အသင့်ချက်ပြီးသား ထမင်းဘူးတွေ၊ သောက်ရေသန့်နဲ့ ဆေးဝါးတွေ အိမ်ထောင်စု ၅,၀၀၀ ကျော်စာ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013