
ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ် သုံးခွရပ်ကွက်မှာ မေ ၈ ရက် ည ၁၀ နာရီကျော်က အိမ်စီးကားတစီး ဘရိတ်ပေါက်ပြီး ရထားလမ်းတားတဲ့ တံခါးကို ဝင်တိုက်ရာ ၂ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ ည ၁၀ နာရီခွဲက သင်္ယန်းကျွန်း လေးထောင့်ကန်ဘက်ကနေ လှည်းကူးမြို့နယ်ဘက်ကို အမှတ် ၇ လမ်းမကြီးအတိုင်း မောင်းလာတဲ့ အိမ်စီးကားတစီးဟာ သုံးခွရပ်ကွက်အနီးမှာ ဘရိတ်ပေါက်ပြီး ရထားသံလမ်းကို ဝင်တိုက်ခဲ့တာလို့ ကူညီပေးရာမှာ ပါဝင်သူတယောက်က DVB ကို ပြောပါတယ်။
“လေးထောင့်ကန်ကနေ လှည်းကူးကို ပြန်လာတာ၊ ကားက ဘရိတ်ပေါက်ပြီး အရှိန်များတော့ ရထားသံလမ်းကူး တခါးကိုဝင်တိုက်တာ။ ကားခေါင်းခန်းက ယာဥ်မောင်း နဲ့ အရှေ့ခန်းမှာ ထိုင်တဲ့သူ သေတယ်၊ နောက်ခန်းက ၄ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ၄ ယောက်ထဲမှာ ၂ ယောက်အခြေအနေ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
ကိုကျော်မင်းထက်နဲ့ကိုကျော်တိုးနိုင်တို့ သေဆုံးပြီး ကိုကျော်ကျော်မင်း၊ ကိုကျော်ဇေယျ၊ ကိုကျော်စွာဝင်း နဲ့ ကိုအောင်ရဲကျော်တို့ ဒဏ်ရာရခဲ့ပြီး လှည်းကူးမြို့မှာ နေထိုင်ကာ ညီအစ်ကိုတွေ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
“သေတဲ့သူရော ဒဏ်ရာရသူရော မိသားစုဝင်တွေလို့ သိရတယ်။ ကားခေါင်းခန်းမှာ ညှပ်ပြီးသေတဲ့ ၂ ယောက်ဆို မနည်းဆွဲထုတ်ရတယ်။ ၁၅ မိနစ်လောက်ကြာတယ်။ သေတဲ့သူရော၊ ဒဏ်ရာရတဲ့သူရော မြောက်ဥက္ကလာဆေးရုံပို့ထားတယ်။”
မနေ့ညက ဖြစ်ခဲ့တဲ့ ယာဥ်တိုက်မှုကို အရှေဒဂုံမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက် ည ၁၀ နာရီကျော်ကလည်း အရှေဒဂုံမြို့နယ် အမှတ် ၇ လမ်းမကြီးပေါ်မှာ ယာဥ်တိုက်မှုဖြစ်ပြီး အမျိုးသားတယောက် နဲ့ အမျိုးသမီးတယောက် ကားထဲညှပ်ကာ ဒဏ်ရာရခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။










