
ကနေဒါအဆိုတော် ဆယ်လင်းဒီယွန်က ပါရီမြို့က ဖျော်ဖြေပွဲ ၁၀ ပွဲနဲ့အတူ စင်မြင့်ထက်ကို ပြန်လာတော့မယ်လို့ သူ့ရဲ့ ၅၈ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ မတ် ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။
လမ်းလျှောက်ဖို့နဲ့ သီချင်းဆိုဖို့ ခက်ခဲစေတဲ့ ကုသလို့မရနိုင်တဲ့ အာရုံကြောရောဂါ (Stiff Person Syndrome) ခံစားနေရတာကြောင့် သူမဟာ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက အနုပညာအလုပ်တွေကို ရပ်နားခဲ့တာပါ။
ဒါပေမဲ့ အရှုံးမပေးဘဲ တပတ်ကို ၅ ရက်တိတိ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ အသံပိုင်းဆိုင်ရာ ကုထုံးတွေကို ခံယူခဲ့တာကြောင့် အခုလို ပြန်လာနိုင်တာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ တေးအယ်လ်ဘမ် အရောင်းရဆုံး အနုပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ ကနေဒါကြယ်ပွင့် ဆယ်လင်းဒီယွန်ဟာ သူမရဲ့ အားပါတဲ့ သီချင်းတွေကြောင့် နာမည်ကြီးသူ ဖြစ်ပါတယ်။
ဒီယွန်က အခုလို စင်မြင့်ပေါ်ပြန်တက်နိုင်တာဟာ သူ့ဘဝရဲ့ အကောင်းဆုံးလက်ဆောင်လို့ တင်စားခဲ့ပြီး “ဒီအတွက် လုံးဝအဆင်သင့်ဖြစ်နေပါပြီ” လို့ ဆိုပါတယ်။
“နေလို့ကောင်းပါတယ်။ ခွန်အားတွေ ပြည့်နေပြီး စိတ်လှုပ်ရှားနေသလို နည်းနည်းတော့လည်း ရင်ခုန်နေပါတယ်” လို့ သူမက ဆက်ပြောပါတယ်။
ကျန်းမာရေးကို ထိခိုက်မှုမရှိစေဖို့ လာမဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ပြုလုပ်မဲ့ ဒီဖျော်ဖြေပွဲတွေကို ရက်ပိုင်းလောက်စီ ခြားပြီး ကျင်းပသွားမှာပါ။
ပရိသတ်တွေအနေနဲ့ မတ် ၃၁ ရက်ကစပြီး တရားဝင်ဝက်ဘ်ဆိုက်မှာ စာရင်းပေးသွင်းနိုင်ပြီး လက်မှတ်တွေကိုတော့ ဧပြီ ၇ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။
Source: Reuters










