DVB Logo
Home
မြန်မာသတင်း
ရေကြီးပြီး စပါးခင်းများ ပျက်စီးခဲ့သော်လည်း မိုးစပါးအထွက်နှုန်း ထိခိုက်နိုင်ခြေ နည်းပါးဟုဆို 
DVB
·
October 19, 2023
ရေကြီးပြီး စပါးခင်းများ ပျက်စီးခဲ့သော်လည်း မိုးစပါးအထွက်နှုန်း ထိခိုက်နိုင်ခြေ နည်းပါးဟုဆို 
Donate to DVB

ရေကြီးရေလျှံမှုတွေကြောင့် လယ်ယာမြေ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ထိခိုက်မှု ရာခိုင်နှုန်းနည်းတဲ့အတွက် မိုးစပါးအထွက်နှုန်းအပေါ်လည်း ထိခိုက်နိုင်‌ခြေနည်းတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောပါတယ်။

“အခု ရေနစ်မြုပ်ပြီး ပျက်စီး ဆုံးရူံးတာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ရာခိုင်နှုန်း နည်းပါတယ်။ နည်းတော့ အထွက်နှုန်းကို ဒီလောက်ကြီး မထိခိုက်နိုင်ဘူးထင်ပါတယ်။ ပဲခူးတိုင်း အနေနဲ့ကတော့ အထွက်နှုန်း လျော့သွားနိုင်တာပေါ့။ ကျနော်တို့ ကြားတာကတော့ ပဲခူးတိုင်းမှာ တကယ့်တကယ် ပျက်စီးတဲ့ လယ်ဧကစာရင်းက အဲလောက်မရှိပါဘူး၊ တချို့ကလည်း ရေပြန်ကျသွားတော့ ပြန်ပေါ်တဲ့ဟာတွေ ရှိတယ်ဗျ။”

စစ်ကောင်စီဝါဒဖြန့် သတင်းစာမှာလည်း အောက်တိုဘာ ပထမအပတ်ကနေ အောက်တိုဘာ ၁၇ ရက်အထိ ရွာသွန်းခဲ့တဲ့ မိုးကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှာ မိုးစပါး စိုက်ဧက ၈၇၀၁၂ ဧက ရေကြီး နစ်မြုပ်ခဲ့ပေမဲ့ ပြန်ပေါ်ဧက ၇၇၈၅၄ ဧကမှာ ၃၆၂၅၉ ဧက ထိခိုက်ခဲ့ပြီး ၄၇၁၆ ဧကသာ ပျက်စီးမှုရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ပဲခူးတိုင်းဒေသကြီးက စပါးစိုက်တောင်သူတစ်ဦးကတော့ မိုးစပါး ရိတ်သိမ်းခါနီး အချိန်မှာ မိုးရွာသွန်းမှုကြောင့် စပါးပျက်စီး ဆုံးရှုံးမှုပိုနိုင်ပြီး အထွက်နှုန်းလည်း လျော့နည်းနိုင်တယ်လို့ ပြောပါတယ်။

“ရိတ်သိမ်းခါနီး ရေလာကြီးတော့ နည်းနည်းတော့ ပျက်စီးဆုံးရှုံးမှုကတော့ ပိုတာပေါ့။ လုံး၀ဆုံးရှုံးသွားတဲ့ လယ်တွေရှိပါတယ်။ ပျက်စီးသွားတဲ့ စပါးကျ ဘာမှ လုပ်လို့မရတော့ဘူး။ ဒီတိုင်းပဲငုတ်တုတ်ထိုင်ကြည့်နေရမှာ။ တချို့ တောင်သူတွေဆိုရင် စားစရာတောင် ရှိမှာ မဟုတ်ဘူး။ တစ်ဧက တန်ကြေး ၅ သိန်းနဲ့ပဲတွက်ဦး ဆုံးရှုံးမှုများတာပေါ့” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးတိုင်းအပြင် စစ်ကိုင်းတိုင်း ဒေသတချို့နဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့တို့မှာလည်း အခုလအတွင်းလယ်ယာသီးနှံတွေ ရေဝင်ပျက်စီးမှုတွေ ရှိခဲ့သလို ပြီးခဲ့တဲ့ ဩဂုတ်လမှာလည်း မြဝတီ၊ မွန်ပြည်နယ် ဘီလင်းမြို့တို့မှာလည်း ရေကြီးရေလျှံခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလဆန်းပိုင်းကလည်း မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း ဒေသတချို့တို့မှာ သီးနှံစိုက်ခင်းရေဝင်နစ်မြုပ်ရပြီး ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က စပါးဈေးကောင်းခဲ့တာကြောင့် စိုက်ပျိုးတောင်သူတွေက အခုနှစ်မှာ ပိုအား စိုက်ခဲ့ကြတဲ့ အတွက် စပါးအထွက်နှုန်းကို ပိုကောင်းလာနိုင်တာဖြစ်လို့ ရေကြီးရေလျှံမှုတွေကြောင့် ဆုံးရှုံးနိုင်ခြေကို ပြန်ကာ မိစေတယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူက သုံးသပ်ပါတယ်။

“စပါးက ကျနော်တို့သိရသလောက် အခုနှစ်က တစ်ဧကအထွက်နှုန်း မြင့်တယ်ဗျ။ မနှစ်က စပါးဈေးလည်းကောင်းတော့ လယ်သမားတွေကလည်း နည်းနည်းပို အားစိုက်တော့ အထွက်လည်းကောင်းတယ်။ အဲတော့ ဆုံးရှုံးသွားမယ့်ဟာကို ပြန် cover ဖြစ်မယ်ထင်ပါတယ်” လို့ ပြောပါတယ်။

စပါးစိုက်တောင်သူတွေကတော့ မိုးစပါး စိုက်ပျိုးရာသီမှာ စိုက်စရိတ်အရင်းအနှီးကြီးခဲ့တာကြောင့် သွင်းအားစု လျှော့ချ ထည့်သွင်းခဲ့ရလို့ စပါးအထွက်နှုန်း လျော့နည်းခဲ့တယ်လို့ ပြောဆိုထားကြပါတယ်။

စပါးစိုက်တောင်သူ တစ်ဦးက “တောင်သူတွေက အရင်းအနှီးတွေ များတယ်လေ။ မြေဆီဈေးတွေ အဆမတန်တက်တော့ တောင်သူတွေက မြေဆီတွေ မကြဲနိုင်ဘူး။ အဲတော့ အထွက်နှုန်းနည်းနိုင်တယ်”လို့ ပြောပါတယ်။

ဆန်စပါးကုန်သည် လုပ်ငန်းရှင်တစ်ဦးကတော့ ရေကြီးမှုကြောင့် သီးနှံပျက်စီးဆုံးရူံးမှု ပမာဏနဲ့ ပြည်ပကို ဆန်တင်ပိုတဲ့ပမာဏများရင် လက်ကျန်လျော့နည်းစေပြီး အခုထက် ပြည်တွင်းဈေး မြင့်တက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“တင်တာ သိပ်များသွားတယ်၊ ပျက်စီးတာတွေ ရှိတယ်၊ အထွက်လည်း သိပ်မကောင်းဘူး ဆိုရင်တော့ လက်ကျန်နည်းရင်တော့ ပြည်တွင်းဈေး တက်တတ်ပါတယ်” လို့ ဆန်လုပ်ငန်းရှင်က ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ဆန်နဲ့ ဆန်ကွဲတင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်ရဲ့ ထက်ဝက်နီးပါးသာ ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်း၊ မကွေးတိုင်းတို့လို ဒေသတွေမှာ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ဆန်စပါးစိုက်ဧကတွေ လျော့ကျခဲ့သလို စစ်ကောင်စီ ချမှတ်တဲ့ ကုန်သွယ်ရေးနဲ့ ငွေကြေးမှုဝါဒတွေကလည်း ဆန်စပါးပြည်ပတင်ပို့မှုကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ စက်တင်ဘာလကုန်အထိ ပထမ ၆ လပတ်မှာ ပြည်ပကို ဆန်တန်ချိန် ၉၈၀၀၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့ပေမဲ့ အခုဘဏ္ဍာနှစ် ကာလတူမှာ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၄၆၀၀၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး အရင်နှစ်နဲ့ယှဉ်ရင် ပြည်ပကိုတင်ပို့မှု ၅၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013