အစ်ဆွစ်ချ်ကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဟက်ထရစ် ၃ ဂိုး သွင်းပေးခဲ့တဲ့ မန်ယူအသင်းခေါင်းဆောင် ဖာနန်ဒက်စ်ရဲ့ အသင်းအတွက် အရေးပါမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို နည်းပြ မိုက်ကယ်ကားရစ်က ချီးကျူးလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့က အစ်ဆွစ်ချ်တောင်းအသင်းကို ၅-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဘရူးနိုးဖာနန်ဒက်စ်က ဟက်ထရစ်ဂိုး သွင်းယူပြီး ခြေစွမ်းပြခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ ဟားလ်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ရာသီစပွဲစဉ်အပြီးမှာ ဒီနိုင်ပွဲကြောင့် ပြန်လည်ရလဒ်ကောင်းမွန်လာတာပါ။
ဖာနန်ဒက်စ်ဟာ ဒီတပတ်အတွင်းမှာပဲ PFA တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။
စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲ ရောက်ရှိနေတဲ့ အသက် ၃၁ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ ပွဲအပြီးမှာ ရှုံးနိမ့်မှုကို မုန်းတီးကြောင်းနဲ့ အသင်းကို အမြဲတမ်း ထိပ်ဆုံးမှာပဲ ရှိနေစေချင်ကြောင်း ပြောသွားခဲ့ပါတယ်။











