
အစ္စရေးနဲ့ အီရန်တို့က ပိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ဆက်ဆွေးနွေး နေချိန်မှာ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ ကြိုးပမ်းနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇွန် ၈ ရက်မှာ ပြောပါတယ်။
ငြိမ်းချမ်းရေးအတွက် နောက်ဆုံးဆွေးနွေးပွဲတွေ ဆက်လုပ်နေပြီး မသိနားမလည်မှု ဒါမှမဟုတ် မိုက်မဲမှုတွေကြောင့် အနှောင့်အယှက် ဖြစ်ခဲ့တယ်လို့ ထရမ့်ပ်က လူမှုမီဒီယာပလက်ဖောင်း Truth Social ပေါ်မှာ ရေးပါတယ်။
နောက်ထပ် မတိုက်ခိုက်ဖို့ ထရမ့်ပ်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ပြောခဲ့ပြီး တဲ့နောက် အီရန်ရဲ့အနောက်တောင်ဘက်က ရေနံဓာတုဗေဒစက်ရုံတရုံနဲ့ တခြားနေရာတွေက စစ်ရေး ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက အစောပိုင်းမှာ ပြောခဲ့ပါတယ်။
အီရန် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) က လက်စားချေတဲ့အနေနဲ့ အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့က အလားတူ စက်ရုံတရုံကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
စစ်ရေးတင်းမာမှုက အီရန်နဲ့ ပိုကျယ်ပြန့်တဲ့ သဘောတူညီချက်တခုရဖို့ အမေရိကန် ဦးဆောင်တဲ့ ကြိုးပမ်းချက်တွေကို ရှုပ်ထွေးစေပြီး ရေနံဈေးနှုန်းတွေကို ၅ ရာခိုင်နှုန်းနီးပါး မြင့်တက်စေခဲ့ပါတယ်။
ဘရန့်ရေနံ ဈေးနှုန်းတွေဟာလည်း ရေနံစိမ်းတစည်ကို ၉၇ ဒေါ်လာအထက် ပြန်ရောက်ခဲ့ပါတယ်။
Source: Reuters











