
အီရန်နိုင်ငံအနေနဲ့ ဆော်ဒီအာရေဗျနဲ့ ဟူသီသူပုန်အဖွဲ့ကြား ကြားဝင်စေ့စပ်ပေးဖို့ ကမ်းလှမ်းထားပေမဲ့ ဘယ်ဘက်ကမှ အကြောင်းပြန်တာ မရှိသေးဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယစ်ဒ် အက်ဘာ့စ် အာရက်ချီက အောက်တိုဘာ ၂၀ ရက်မှာ ပြောပါတယ်။
လက်ရှိမှာ ဆော်ဒီအာရေဗျနဲ့ ဟူသီတွေအကြား နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ပြင်းထန်နေသလို ဆော်ဒီ ကျောထောက်နောက်ခံပြုထားတဲ့ ယီမင်အစိုးရတပ်ဖွဲ့နဲ့ ဟူသီတွေအကြား စစ်မျက်နှာ အတော်များများမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပါတယ်။
ဟူသီတွေကို တိုက်ခိုက်နေတဲ့ ဆော်ဒီရဲ့ စစ်ရေးဆင်နွှဲမှုတွေထဲမှာ အီဂျစ် ပါဝင်လာနိုင်သလား ဆိုတဲ့ မီဒီယာတွေရဲ့ မေးခွန်းကိုတော့ အပြင်က ဝင်စွက်ဖက်ရင် အခြေအနေတွေ ပိုရှုပ်ထွေးသွားလိမ့်မယ်လို့ အာရက်ချီက သတိပေးခဲ့ပါတယ်။
ဒါ့အပြင် ကိုင်ရိုအစိုးရဘက်ကလည်း ဒီပဋိပက္ခထဲ တိုက်ရိုက် ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ တီဟီရန်ကို အကြောင်းပြန်ထားတယ်လို့လည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယီမင်ပြည်နယ် ၈ ခုမှာ ဆော်ဒီအာရေဗျက လေကြောင်းနဲ့ ဒုံးကျည်တိုက်ခိုက်မှု စုစုပေါင်း ၉၃ ကြိမ် ပြုလုပ်ခဲ့ပြီး လက်ရှိ ပဋိပက္ခတွေ ပြင်းထန်လာချိန်ကစလို့ တိုက်ခိုက်မှု စုစုပေါင်း ၂,၇၉၃ ကြိမ်အထိ ရှိလာပြီလို့ ဟူသီစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ယာယျာ ဆာရီးက အင်္ဂါနေ့မှာ ပြောပါတယ်။
ဒါပေမဲ့ ဒီကိန်းဂဏန်းတွေကို သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ဒါ့အပြင် ယီမင်နိုင်ငံ အနောက်တောင်ပိုင်း တာအိဇ်ပြည်နယ် သူးဘာ့ဘ်ခရိုင် ကမ်းလွန်က ငါးဖမ်းလှေနှစ်စီး တိုက်ခိုက်ခံရတာကြောင့် တံငါသည် ၈ ယောက် သေဆုံးခဲ့တယ်လို့ ဟူသီတို့ ထိန်းချုပ်ထားတဲ့ အယ်လ်-မာစီရာ ရုပ်သံက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယီမင်နိုင်ငံဟာ မြို့တော် ဆာနာနဲ့ မြောက်ပိုင်းဒေသအများစုကို ဟူသီသူပုန်အဖွဲ့တွေ သိမ်းပိုက်လိုက်ချိန် ၂၀၁၄ ခုနှစ် နှောင်းပိုင်းကတည်းက ပဋိပက္ခတွေထဲ နစ်မြုပ်နေခဲ့တာပါ။
ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေက နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရကို ကူညီဖို့အတွက် ၂၀၁၅ ခုနှစ်မှာ ကြားဝင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











