ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတို့ကို အကူအညီတွေပေးအပ်ဖို့ လိုအပ်ကြောင်း အစ္စရေးတို့နဲ့ ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးပြောဆိုခဲ့တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
အစ္စရေးဘက်ကို ထောက်ခံရပ်တည်ပြီး ဒုက္ခရောက်နေတဲ့ ပါလက်စတိုင်းတွေကိုတော့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးဖို့ ကတိပြုခဲ့တယ်လို့ အောက်တိုဘာ ၁၈ ရက်က ခဏတာ တဲလ်အဗစ်ခရီးစဉ်ကနေ အမေရိကန်ကို ပြန်လာနေတဲ့ သမ္မတ ဂျိုးဘိုင်ဒင်က သတင်းထောက်တွေကို ပြောပါတယ်။
ဂါဇာကမ်းမြောင်ဘက်ကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားအစီး ၂၀ ကို ခွင့်ပြုဖို့အတွက် ရာဖာနယ်စပ်ဖြတ်ကျော်ဂိတ်ကို ဖွင့်လှစ်ပေးဖို့ သဘောတူညီခဲ့တဲ့ အီဂျစ်သမ္မတ အဗ္ဗဒလ် ဖာတာ အယ်လ်စီစီကိုလည်း ချီးကျူးခဲ့ပြီး ဂါဇာကမ်းမြောင်မှာ ပိတ်မိနေတဲ့လူတွေကို ဖယ်ပေးမယ်လို့ အမေရိကန်က ကတိပြုပါတယ်။
အခု ကိုင်ရိုမှာရှိနေတဲ့ အမေရိကန်သံအမတ်ကြီး ဒေးဗစ်ဆက်တာဖီးလ်က လိုအပ်တာတွေကို ညှိနှိုင်းလုပ်ကိုင်ပေးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ထရပ်ကားတွေ ဖြတ်ကျော်မောင်းနှင်လို့ရအောင် တွင်းတွေ၊ ချိုင့်တွေ ဖြစ်နေတဲ့ လမ်းမတွေကို မြေဖို့ ဖာထေးရဦးမှာ ဖြစ်တာကြောင့် အောက်တိုဘာ ၂၀ ရက် မတိုင်ခင်အထိတော့ ဘာမှလုပ်လို့ မရသေးဘူးလို့လည်း သမ္မတဘိုင်ဒင်က ပြောပါတယ်။
အခု အကူအညီတွေ ပေးပို့နိုင်ဖို့ လမ်းဖွင့်ခိုင်းတဲ့ ရည်ရွယ်ချက်ဟာ ကုန်တင်ကားတွေ ဖြတ်သန်းသွားလာနိုင်စေဖို့သာဖြစ်ပြီး လူတွေ အများအပြားကို ထွက်သွားခွင့် မပြုကြောင်းလည်း ဘိုင်ဒင်က ပြောကြားပါတယ်။ ကတိကဝတ်က တကယ်တော့ နယ်စပ်ဖြတ်ကျော်ရင် တဖက်ခြမ်းမှာ ကုလသမဂ္ဂက ရှိနေမယ်လို့လည်း ဆိုပါတယ်။
ရာဖာနယ်စပ်ဂိတ်ကနေ အကူအညီတွေ သယ်ဆောင်လာတဲ့ ထရပ်ကား အစီး ၂၀ ဟာ လာမယ့်ရက်တွေအတွင်း ဂါဇာကမ်းမြောင်ကို ဖြတ်ကျော်ဝင်ရောက်သွားမယ်လို့ အိမ်ဖြူတော်အရာရှိတဦးက ပြောကြားခဲ့ပြီး ထရပ်ကားတွေကို ပိုမိုဝင်ရောက်ခွင့်ပြုမယ်လို့ အမေရိကန်က မျှော်လင့်ထားကြောင်းလည်း ဆိုပါတယ်။
Source/Photo-Reuters