DVB Logo
Home
နိုင်ငံတကာ
အစ္စရေး-ဟားမတ်စ် အပစ်ရပ်ရေး လုံခြုံရေးကောင်စီတောင်းဆိုချက် အမေရိကန် ဗီတိုသုံး ပယ်ချ
DVB
·
October 19, 2023
အစ္စရေး-ဟားမတ်စ် အပစ်ရပ်ရေး လုံခြုံရေးကောင်စီတောင်းဆိုချက် အမေရိကန် ဗီတိုသုံး ပယ်ချ
Donate to DVB

ဂါဇာကမ်းမြောင်ဆီ လူသားချင်းစာနာမှုအကူအညီတွေ ဝင်ခွင့်ပြုဖို့ အစ္စရေးနဲ့ ပါလက်စတိုင်းက ဟားမတ်စ် စစ်သွေးကြွတွေကြား တိုက်ပွဲတွေကို အပစ်အခတ် ခဏရပ်တန့်ရေး တောင်းဆိုမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် ပြည်ထောင်စုက အောက်တိုဘာ ၁၈ ရက်မှာ ဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ကို ထောက်ပံ့ကူညီနိုင်ရေး ကြားဝင်ဖျန်ဖြေဖို့ အမေရိကန်က ကြိုးစားနေလို့ ဘရာဇီးက ဦးဆောင်ရေးဆွဲတဲ့ ဆုံးဖြတ်ချက်မူကြမ်းပါ စာသားအပေါ် မဲပေးရေးဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း နှစ်ကြိမ် နှောင့်နှေးခဲ့ပြီးပါပြီ။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၂ ဦးဟာ ဗုဒ္ဓဟူးနေ့မှာ စာသားမူကြမ်းကို ထောက်ခံမဲပေးခဲ့ပြီး ရုရှားနဲ့ ဗြိတိန်တို့က ကြားနေခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ အစဉ်အလာအားဖြင့် သူ့မဟာမိတ် အစ္စရေးကို လုံခြုံရေးကောင်စီရဲ့ လုပ်ဆောင်ချက်မှန်သမျှကနေ အကာအကွယ်ပေးထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ ဂါဇာကမ်းမြောင်ဒေသဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ချက်ချင်းဆောင်ရွက်ဖို့ ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုခဲ့ပါတယ်။

ဂါဇာမှာရှိတဲ့ အရပ်သားတွေနဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေကို ပါလက်စတိုင်းနယ်မြေရဲ့ တောင်ဘက်ဆီ ပြောင်းရွှေ့ဖို့ အစ္စရေးရဲ့အမိန့်ကို ပယ်ဖျက်ပြီး ဟားမတ်စ်တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရှုတ်ချဖို့ ဒီဆုံးဖြတ်ချက်မူကြမ်းမှာ အမည်မဖော်ဘဲ တိုက်တွန်းထားပါတယ်။

ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်ဖို့ မြေပြင်ထိုးစစ်အတွက် အစ္စရေးက ပြင်ဆင်နေချိန်မှာ ဂါဇာရဲ့ လူဦးရေ ထက်ဝက်နီးပါးဖြစ်တဲ့ လူဦးရေ ၁ ဒသမ ၁ သန်းလောက်ကို ဂါဇာရဲ့ တောင်ဘက်ဆီ ရွှေ့ဖို့ အစ္စရေးက အမိန့်ပေးခဲ့ပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို လုံးဝဝိုင်းရံထားပြီး ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။

အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တွေရဲ့ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုအတွင်း အစ္စရေးနိုင်ငံထဲမှာ လူ ၁,၄၀၀ သေဆုံးပြီး ရာချီတဲ့ ဓားစာခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။

ဟားမတ်စ်ကို ချေမှုန်းဖို့ အစ္စရေးက ကတိပြုထားပါတယ်။ အောက်တိုဘာ ၁၈ ရက်ထိ ရထားတဲ့ အချက်အလက်တွေအရ အစ္စရေးရဲ့ လက်စားချေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၃,၄၇၈ ယောက် သေဆုံးခဲ့ရပြီး လူအယောက် ၁၂,၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး တူရကီအခြေစိုက် အနာဒိုလူ သတင်းဌာနက ပြောပါတယ်။

သေဆုံးသူ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းက ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးနိုင်ငံသားတွေလို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုနဲ့ ရန်လိုမှုအားလုံးကို ရှုတ်ချခဲ့ပြီး ဓားစာခံအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသတလွှားက ကောင်းကင်ယံမှာ အောက်တိုဘာ ၁၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီက ပေါက်ကွဲမှုကြီးတွေနဲ့ မီးခိုးထူတဲ့ တိမ်တိုက်တွေ ဖြစ်ပေါ်နေပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ဆေးရုံတရုံမှာ ပေါက်ကွဲမှုကြောင့် လူပေါင်းရာချီသေဆုံးခဲ့ပြီး ကမ္ဘာတဝန်းက တုံ့ပြန်သံတွေ ဘယ်သူ့အပြစ်ဆိုတဲ့အပေါ် သတိထားရမယ့်စကားတွေ ထွက်ပေါ်လာပြီးနောက် နာရီအတော်ကြာမှာ ခုလိုဖြစ်ခဲ့တာပါ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးနိုင်ငံဆီ ဗုဒ္ဓဟူးနေ့က ရောက်ရှိလာပြီး အယ်လ်အလီ အယ်လ် အာရာဘီ ဆေးရုံမှာ ပါလက်စတိုင်းတွေ အများအပြား သေဆုံးခဲ့ရတဲ့ ဗုံးပေါက်ကွဲမှုဟာ အစ္စရေးကြောင့်မဟုတ်ဘဲ သူ့ရဲ့ရန်သူတွေကြောင့် ဖြစ်ပုံရတယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဆေးရုံအဆောက်အဦမှာ ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်ပုံက မပျက်စီးခဲ့တာကြောင့် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ ပေါက်ကွဲမှုဟာ အစ္စလာမ္မစ်ဂျီဟတ် ဒုံးကျည်ကနေ ပေါက်ကွဲခဲ့တာလို့ အစ္စရေး ကာကွယ်ရေးတပ် IDF က ပြောခဲ့ပါတယ်။

ဘိုင်ဒင်ရဲ့ မှတ်ချက်စကားတွေအပြီးမှာ တခြား အနောက်နိုင်ငံ ခေါင်းဆောင်တွေကလည်း သတိထားဖို့ တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကနေ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အထိ ကမ္ဘာ့ခေါင်းဆောင်တွေက ဆေးရုံပေါက်ကွဲမှုကို ရှုတ်ချခဲ့ပေမဲ့ ဘယ်သူ့ကို အပြစ်တင်ရမလဲ ဆိုတာကို မပြောဘဲ ရှောင်ကြဉ်ခဲ့ကြပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အရှေ့အလယ်ပိုင်းဒေသတဝန်း ဒေါသစိတ်တွေ အသစ်ထွက်ပေါ်ခဲ့ပြီး ဂျော်ဒန်နိုင်ငံက ဂျော်ဒန်၊ အီဂျစ်နဲ့ ပါလက်စတိုင်း အာဏာပိုင်တွေရဲ့ ခေါင်းဆောင်တွေနဲ့အတူ မြို့တော် အမ်မန်မှာ စီစဉ်ထားတဲ့ ထိပ်သီးအစည်းအဝေးအတွင်း ဘိုင်ဒင်ရဲ့ ခရီးစဉ် ဒုတိယပိုင်းကို ဖျက်သိမ်းခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013