DVB Logo
Home
နိုင်ငံတကာ
သန်းနှင့်ချီသည့် ပါလက်စတိုင်းများကို အဓမ္မရွှေ့ပြောင်းခိုင်းမှု အီဂျစ်ပြည်သူများ လက်မခံ
DVB
·
October 19, 2023
သန်းနှင့်ချီသည့် ပါလက်စတိုင်းများကို အဓမ္မရွှေ့ပြောင်းခိုင်းမှု အီဂျစ်ပြည်သူများ လက်မခံ
Donate to DVB

သန်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေကို အီဂျစ်နိုင်ငံရှိ ဆိုင်းနိုင်ကျွန်းဆွယ်ကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းတာကို အီဂျစ်ပြည်သူတွေက ပယ်ချမှာဖြစ်ကြောင်း အီဂျစ်သမ္မတ အဗ္ဗဒလ် ဖှာတာ အလ်စီစီက အောက်တိုဘာ ၁၈ ရက်မှာ ပြောပါတယ်။

အဲဒီလိုလုပ်ရင် ဆိုင်းနိုင်ကျွန်းဆွယ်ဟာ အစ္စရေးနိုင်ငံကို တိုက်ခိုက်ဖို့အတွက် အခြေစိုက်စခန်းတခုအဖြစ် ပြောင်းလဲသွားလိမ့်မှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

ဂါဇာကမ်းမြောင်ဒေသဟာ အစ္စရေးရဲ့ ထိထိမိမိ ထိန်းချုပ်ထားနိုင်မှုအောက်ကို ရောက်နေပြီး စစ်သွေးကြွတွေအရေး ဖြေရှင်းမပြီးမချင်း ပါလက်စတိုင်းတွေကို အစ္စရေးရဲ့ နဲဂါ့ဗ် သဲကန္တာရကို ပြောင်းရွှေ့ နေရာချထားနိုင်ကြောင်း အီဂျစ်သမ္မတ စီစီက ဂျာမနီအဓိပတိ အိုလာ့ဖှ် ရှို့လ်ဇ်နဲ့ ကိုင်ရိုမြို့တော်မှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အီဂျစ်နိုင်ငံရဲ့ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ ဂါဇာကမ်းမြောင်ကြား နယ်နိမိတ်ဟာ အစ္စရေးက ထိန်းချုပ်ထားခြင်းမရှိတဲ့ ပါလက်စတိုင်းပိုင်နက်ကနေ တစ်ခုတည်းသော ကုန်းလမ်းဖြတ်ကူးရာ နေရာဖြစ်ပါတယ်။

အစ္စရေးရဲ့ မကြုံစဖူး ဗုံးကြဲတိုက်ခိုက်မှုနဲ့ ဂါဇာကို အလုံးစုံ ပိတ်ဆို့ဝိုင်းရံထားမှုကြောင့် ပါလက်စတိုင်း ၂ ဒသမ ၃ သန်းကို တောင်ပိုင်းရှိ ဆိုင်းနိုင်ကျွန်းဆွယ်ကို အတင်းအကျပ် တွန်းပို့ပြောင်းရွှေ့ခံရမှာကို စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

သမ္မတ စီစီက“အခု ဂါဇာမှာ ဖြစ်ပျက်နေတာဟာ အရပ်သားတွေကို ဒုက္ခသည်အဖြစ်နဲ့ အီဂျစ်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ဖို့ အတင်းအကျပ် ကြိုးပမ်းမှုဖြစ်ပြီး ဒါကို လက်ခံလို့မရဘူး”လို့ ပြောဆိုပါတယ်။

ပါလက်စတိုင်း ပြဿနာကို စစ်ရေးနည်းနဲ့ ဖြေရှင်းတာ ဒါမှမဟုတ် ပါလက်စတိုင်းတွေကို သူတို့မြေကနေ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းတာမျိုးကို အီဂျစ်က ပယ်ချပါတယ်လို့လည်း စီစီက ဆိုပါတယ်။

ဂါဇာကမ်းမြောင် ဒေသခံတွေ ဆိုင်းနိုင်းကို ရွှေ့ပြောင်းခံရမှုမှန်သမျှကို ဆန့်ကျင်ကန့်ကွက်ကြမယ့် အီဂျစ်လူမျိုးတွေ သန်းနဲ့ချီပြီး ဆန္ဒထုတ်ဖော်ကြလိမ့်မယ်လို့လည်း အီဂျစ် သမ္မတက ပြောကြားခဲ့ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013