Home
မြန်မာသတင်း
မော်လမြိုင်တွင် မီးပြတ်သဖြင့် အထည်ချုပ်လုပ်ငန်းများ ခြေနင်းစက် အသုံးပြုနေရ
DVB
·
October 19, 2023
SewingMachine Mawlamyine EPC Out_19102023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေတာကြောင့် တပိုင်တနိုင် လုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ လျှပ်စစ်မော်တာ အပ်ချုပ်စက်အစား ခြေနင်းစက်တွေကို ပိုအသုံးပြုနေရကြောင်း သိရပါတယ်။

အခုလ ပထမအပတ်ကစပြီး လျှပ်စစ်မီးပြတ်တောက်ချိန် များလာတာကြောင့် တပိုင်တနိုင် အထည်ချုပ်လုပ်ငန်းတွေမှာ လျှပ်စစ်မော်တာနဲ့ ချုပ်လုပ်မှုကို ရပ်နားခဲ့ရတယ်လို့ ရွှေတောင်ရပ်ကွက်က တပိုင်တနိုင် အထည်ချုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“မီးက ဒီလထဲမှာပဲ ပျက်တဲ့အချိန်က များနေတယ်။ မီးလာတာမမှန်တော့ မော်တာစက်တွေက အလကားဖြစ်ကုန်တာပေါ့။ မော်တာနဲ့ကျတော့ အော်ဒါထည်တွေ အချိန်မီ ချုပ်ပေးနိုင်တယ်လေ။ ခြေနင်းနဲ့ကျတော့ အချိန်မီ မပေးနိုင်တော့ မိတ်ပျက်ရတာပေါ့။”

လျှပ်စစ်မီးအခက်အခဲတွေကြောင့် တချို့အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်သမားအင်အား လျှော့ချတာနဲ့ လုပ်ခလစာ ဖြတ်တောက်တာတွေ ပြုလုပ်ခဲ့တာကြောင့် အထည်ချုပ် အလုပ်သမားတွေ အနေနဲ့ မိသားစုစားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

မော်လမြိုင်မှာ မြို့တွင်းရပ်ကွက်တွေကို အုပ်စုသုံးခုခွဲကာ နှစ်နာရီကြာ အလှည့်ကျစနစ်နဲ့ မီးပေးသွားမှာဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဌာနက အောက်တိုဘာ ၅ ရက်က အသိပေး ထုတ်ပြန်ထားပါတယ်။

မြို့နယ်လျှပ်စစ်ဌာနက အလှည့်ကျစနစ်နဲ့ မီးပေးသွားမယ်လို့ အသိပေးထားပေမဲ့ လျှပ်စစ်မီး အချိန်မှန်မရတဲ့အပေါ် ဒေသခံတွေအကြား ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024