DVB Logo
Home
မြန်မာသတင်း
မြန်မာ-တရုတ်နယ်စပ်က ဂိုဏ်းများတွင် ပိတ်လှောင်ခံရသူ ၁,၀၀၀ ဝန်းကျင်ရှိဟု SHRF ပြော
DVB
·
October 18, 2023
မြန်မာ-တရုတ်နယ်စပ်က ဂိုဏ်းများတွင် ပိတ်လှောင်ခံရသူ ၁,၀၀၀ ဝန်းကျင်ရှိဟု SHRF ပြော
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်မှာ ကျားဖျန့်လို့ခေါ်တဲ့ တရုတ်ငွေလိမ်ဂိုဏ်းတွေ ပိုမိုကြီးထွားလာပြီး အဲဒီလုပ်ငန်းတွေမှာ ပိတ်လှောင်ခံထားရသူ ၁,၀၀၀ ဝန်းကျင်အထိ ရှိနေတာကို လူ့အခွင့်အရေးအဖွဲ့တွေရဲ့ သုတေသနပြုချက်တွေအရ စာရင်းရရှိထား တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ရဲ့ ပြောခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက တရုတ်လူမိုက်ဂိုဏ်းသားတွေရဲ့ ပိတ်လှောင် အနိုင်ကျင့်မှုကို ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက်အကြောင်း ရေးသားထားတဲ့ “ငရဲတွင်း၌ပိတ်မိခြင်း” ဆိုတဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ မေးမြန်းစဉ် ထည့်သွင်း ပြောဆိုလိုက်တာပါ။

“အ‌ရေအတွက် အတိအကျတော့ မသိရဘူး။ အကြမ်းဖျင်းလိုက်လို့ရသလောက်ပေါ့နော်။ အဓိကပါမှာ ထိုင်း၊ ဗီယမ်နမ်၊ တရုတ်၊ လာအို၊ မြန်မာက ပါမယ်။ ပိတ်မိနေတဲ့အထဲမှာ အများစုကတော့ KTV တွေ၊ နိုက်ကလပ်တွေမှာ ရောင်းစားခံထားရတဲ့ အမျိုးသမီးတွေ အဓိက ပိတ်မိနေတာ။”

တရုတ်က အဖမ်းအဆီးတွေ ပြုလုပ်တဲ့အခါ ငွေလိမ်လုပ်ငန်းတွေ လျော့ကျလာပေမဲ့ ကာစီနိုလိုမျိုးနေရာတွေမှာ လိင်ဖျော်ဖြေမှုအတွက်ဖြစ်စေ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးအ တော်များများ ကျန်ရှိနေဦးမယ်လို့ သူကသုံးသပ်ပါတယ်။

ဒီစာရင်းတွေဟာ တရုတ်လူမိုက်ဂိုဏ်းတွေကနေ ပြန်လည်လွတ်မြောက်လာသူတွေ၊ နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြချက်တွေအပြင် ဒီလိုမျိုးကိစ္စရပ်တွေကို ကူညီပေးနေတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း NGO အဖွဲ့တွေ၊ အဲဒီအဖွဲ့တွေကို ဆက်သွယ်အကူအညီ တောင်းလာသူတွေနဲ့ ဆက်စပ်တဲ့စာရင်းတွေကို ပြုစုထားတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရသူ အများစုဟာ လောက်ကိုင်မြို့ကဖြစ်ပြီး တာချီလိတ်၊ မိုင်းပေါက်၊ ပန်ဆန်းမြို့တွေမှာလည်း လူကုန်ကူးခံရသူ (သို့) ရောင်းစားခံရသူ အများအပြား ပိတ်မိနေကြောင်း SHRF ရဲ့ ပြောခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောပါတယ်။

တရုတ်လူမိုက်ဂိုဏ်းတွေဟာ အွန်လိုင်းကာစီနို၊ ငွေလိမ်တဲ့ကိစ္စ၊ လိင်ဖျော်ဖြေရေးအတွက် ရည်ရွယ်တဲ့ ဗွီဒီယိုရိုက်ကူးတာ၊ နည်းပညာအရ ငွေကြေးခိုးယူတဲ့လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုအတု၊ KTV၊ နိုက်ကလပ်တွေကို ပြုလုပ်ကြတာဖြစ်ပြီး မှုးယစ်ဆေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ UWSA ထိန်းချုပ်ရာဒေသတွေက အာဏာပိုင်တွေအနေနဲ့ ရာဇဝတ်ဂိုဏ်းသားတွေနဲ့ ပူးပေါင်းတာ၊ သူတို့ကို အကာအကွယ်ပေးတာတွေ မလုပ်ဖို့ SHRF က အစီရင်ခံစာကနေတဆင့် တိုက်တွန်းထားပါတယ်။

ဒီကိစ္စရပ်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတချို့ဆီ ဒီဗွီဘီက စာပေးပို့ မေးမြန်းထားပေမဲ့ ပြန်ဖြေတာ မရှိသေးပါဘူး။

ဒါ့အပြင် တရုတ်အစိုးရအနေနဲ့ ကိုယ့်နိုင်ငံသားတွေ မြန်မာပြည်မြောက်ပိုင်းမှာ ရာဇဝတ်မှု ကျူးလွန်နေတာတွေကို ထိထိရောက်ရောက် အရေးယူဖို့ကို အစီရင်ခံစာမှာ ပြောထားပါတယ်။

တခြား မိုဘိုင်းဆက်သွယ်ရေးကွန်ရက်တွေ လက်လှမ်းမမီတဲ့ အဲဒီဒေသတွေမှာ တရုတ်ဂိုဏ်းသားတွေက Mytel ကွန်ရက်ကို အသုံးပြု ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို စုံစမ်းသိရှိရတယ်လို့လည်း အစီရင်ခံစာထဲ ရေးသားထားပါတယ်။

ဒါကြောင့် Mytel နဲ့ ဖက်စပ်စီးပွားလုပ်ကိုင်နေတဲ့ Viettel ကုမ္ပဏီကို ပိုင်ဆိုင်တဲ့ ဗီယက်နမ်အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013