DVB Logo
Home
မြန်မာသတင်း
ကရင်နီ စစ်ရှောင်အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုများလာ 
DVB
·
October 18, 2023
ကရင်နီ စစ်ရှောင်အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုများလာ 
Donate to DVB

ကရင်နီပြည်နယ်က စစ်ရှောင်အမျိုးသမီးတွေဟာ စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အတူ အိမ်တွင်း အကြမ်းဖက်ခံရမှုတွေ ပိုများလာတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး KNOW အဖွဲ့ဆီက သိရပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေဟာ စစ်ရှောင်စခန်းတိုင်းမှာ ကြုံတွေ့နေရပြီး တစ်လကို အိမ်တွင်းအကြမ်းဖက်မှု ၃ မှု ကနေ ၅ မှုအထိ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ဆီကို တိုင်ကြားလာတယ်လို့ သိရပါတယ်။

ကရင်နီက စစ်ရှောင်အများစုဟာ အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့သာ ရပ်တည်နေရတဲ့အတွက် ဝင်ငွေမရှိတာကြောင့် တစ်နေ့ထက်တစ်နေ့ အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုများလာတာလို့ ဆိုပါတယ်။

KNWO  အတွင်းရေးမှူး ၂ မော်ဖရေးမြာက “အများအားဖြင့် အိမ်တွင်းအကြမ်းဖက်မှု များလာတဲ့ အနေထားမှာ ဒုက္ခရောက်လို့ အိမ်တွင်းအကြမ်းဖက်မှုဖြစ်တာဆိုတာက အဲ့တခုနဲ့မကဘူး။ ဒီကာလမှာ တောထဲမှာ တချိန်လုံး နေရတယ်၊ ကိုယ့်အိမ်လည်း မပြန်ရဘူး။ သူတို့စစ်ရှောင်တွေက တနေရာကနေ တနေရာကို ရွှေ့​ပြောင်းနေထိုင်တဲ့အခါမှာလည်း မိခင်ဖြစ်သူက ကလေးကို ထုပ်ပိုးပြီးမှ ပြေးလွှားရတယ်။ မိသားစုအတွက် စီမံခန့်ခွဲရတယ်။ တဖက်မှာဆို အလုပ်မရှိ အကိုင်မရှိဖြစ်ပြီး ဝင်ငွေရတဲ့အလုပ်လည်း လုပ်မရဘူး။ အလှူရှင်တခုကိုဘဲ အားကိုးနေရတဲ့အတွက် စကားပြောဆိုမှားတာနဲ့ တခါတလေကျ စကားများ ရန်ဖြစ်တာမျိုးရှိတယ်”လို့ ပြောပါတယ်။

ကရင်နီပြည်နယ်က စစ်ရှောင်အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာအရ နှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုခံရတာနဲ့ စိတ်ပိုင်းဆိုင်ရာအရ နှိပ်စက်ခံရတာမျိုးတွေ ကြုံတွေ့နေကြရတာပါ။

အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အဓိကအကြောင်းရင်းတွေက အလုပ်အကိုင်ရှားပါးတာနဲ့ ငွေကြေး ပြေလည်မှု မရှိတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတဦးက  “သုံးလိုက်တဲ့ငွေ ဘယ်လောက်ရှိလဲ ထွက်ငွေလေးကို တွက်မိလိုက်တာ။ ကိုယ့်ဆီလာလည်တဲ့ သူငယ်ချင်းတွေလည်း ရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေ ရှိတဲ့ချိန် သားသုံးတဲ့ ပိုက်ဆံက ဘယ်လောက်ရှိလဲ။ အဖေ(ခင်ပွန်း) သုံးလိုက်တဲ့ ပိုက်ဆံ ဘယ်လောက်ရှိလဲ တွက်လိုက်မိတယ်။ အဖေ(ခင်ပွန်း) စိတ်မတိုဘူးလို့ ကျမက ထင်လိုက်မိတယ်။ ပထမ ကောင်းကောင်း မွန်မွန်ပြောနေပြီး လွယ်အိတ်ယူပြီး သူများရှေ့မှာ ကျမကို ပါးရိုက်လိုက်တယ်။ အဲဒါ အကြမ်းဖက်ခံရတာလို့ ပြောရမှာပေါ့။ ကျမ အရမ်းရှက်သွားတယ်။ ကျေးရွာအရေးမှာ တက်ကြွစွာပါဝင်နေတဲ့သူတယောက်အနေနဲ့ သူများရှေ့မှာ လုပ်လိုက်တော့ ကျမအနေနဲ့ အရမ်းရှက်တယ်”လို့ ပြောပါတယ်။

အိမ်တွင်းအကြမ်းဖက်တာတွေ တိုင်ကြားမှုအတွက် ဖြေရှင်းတဲ့အခါမှာ KNWO အနေနဲ့ စစ်ရှောင်စခန်းနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ စစ်ရှောင်ကော်မတီ၊ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့  အပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တရားရေးကော်မတီတွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်လို့ သိရပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေအတွက် ဖြေရှင်းရတဲ့ကြာချိန်ဟာ  တလတည်းနဲ့ အဆင်ပြေသွားတာမျိုး ရှိသလို ၆ လနဲ့ ၁ နှစ်အထိ အချိန်ယူရတဲ့ တိုင်ကြားမှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မော်ဖရေးမြာက “အိမ်တွင်းအကြမ်းဖက်မှုဆို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ကြုံရတယ်။ ရိုက်နှက်ခံရတာ တချို့ရှိတယ်။ တချို့က ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်တဲ့ ပါးရိုက်တာတွေ၊ ခေါင်းရိုက်တာ စတဲ့ ကိုယ်ထိလက်ရောက်မှုတွေ ရှိတယ်။ အိမ်တွင်းအကြမ်းဖက်မှုဖြစ်လာရင် ကျမတို့ဆီ လာရောက်တိုင်ကြားတာတွေ၊ အရေးယူပေးနိုင်အောင် ပေးတဲ့ ဝန်ဆောင်မှု (counseling) နှစ်သိမ့်ဆွေးနွေး ပညာပေးတာမျိုးတွေရှိ။ အိမ်တွင်းအကြမ်းဖက်မှုအပိုင်းမှာ အုပ်ချုပ်ရေးအနေနဲ့ စေ့စပ်ညှိနှိုင်းရတာတွေ ရှိတယ်။ တကယ့် ERO ရဲ့ တရားရေးထိရောက်ဖို့ဆိုတာ ERO တွေကလည်း စစ်ရေးအနေအထား အားကောင်းတဲ့ဘက်မှာ ရှိတယ်ဆိုတော့ တရားရေးပိုင်းမှာ အခုကစ အကောင်အထည်ဖော်တာမျိုး ဝန်ထမ်းငှားတာမျိုးတွေ၊ တရားရုံးက ဘယ်နေရာမှာ ဆောက်ရမလဲ ဆိုတာမျိုးတွေ ဖော်ဆောင်နေဆဲဆိုတော့ အရေးယူတဲ့အပိုင်းမှာ ထောင်ချတဲ့အပိုင်းကတော့ မရှိသလောက် ဖြစ်တယ်”လို့ ပြောပါတယ်။

KNWO အနေနဲ့ အိမ်တွင်းအကြမ်းဖက်မှုအဓိက အကြောင်းရင်းဖြစ်တဲ့ စစ်ရှောင်တွေ ဝင်ငွေရရှိဖို့နဲ့ အသေးစားလုပ်ငန်းတွေ ပေါ်ပေါက်လာဖို့ လက်မှုပညာတွေကို စစ်ရှောင်အမျိုးသမီးတွေအတွက် သင်ကြားပို့ချပေးနေပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ရှောင်အရေအတွက် ၂၅၀,၀၀၀ ဝန်းကျင် ရှိကာ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ အများစုဟာ အမျိုးသမီးစစ်ဘေးရှောင်တွေ ဖြစ်ပါတယ်။ 

လင်းအိမ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013