DVB Logo
Home
မြန်မာသတင်း
လူမှုကွန်ရက်ပေါ် စစ်အာဏာရှင်ကို ဆန့်ကျင်မှုဖြင့်  ဖမ်းဆီးခံရသူပေါင်း ၁၃၀၀ ကျော်ရှိ
DVB
·
October 18, 2023
လူမှုကွန်ရက်ပေါ် စစ်အာဏာရှင်ကို ဆန့်ကျင်မှုဖြင့်  ဖမ်းဆီးခံရသူပေါင်း ၁၃၀၀ ကျော်ရှိ
1 / 2
Donate to DVB

လူမှုကွန်ရက်ပေါ်ကနေ အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ ပြုမှုလုပ်ဆောင်ချက်တွေနဲ့ သဘောထားအမြင်တွေ ထုတ်ဖော်ရေးသားမှုတွေကြောင့် ပြီးခဲ့တဲ့လပေါင်း ၂၀ အတွင်း ဖမ်းဆီးခံရသူပေါင်း  ၁၃၀၀ ကျော်ရှိနေပါတယ်။

အဖမ်းဆီးခံရတဲ့သူတွေကို မူးယစ်ဆေးဝါးနဲ့ တခြားရာဇဝတ်မှုတွေ ထက်ပိုပြီး မြန်ဆန်တဲ့ အရေးယူမှုမျိုးတွေ စစ်ကောင်စီက ပြုလုပ်နေတယ်လို့လည်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်၊၊ 

လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကိုဆန့်ကျင်တဲ့ ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှုတွေကြောင့် ၂၀၂၂ ဖေဖော်ဝါရီလကနေ ၂၀၂၃ စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံရသူ ၁၃၁၆ ယောက်ရှိတယ်လို့ Data for Myanmar ကထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဥပဒေအမြောက်အမြားကို စိတ်ကြိုက်ပြင်ဆင်ရေးဆွဲသလို ရပ်ဆိုင်းတာတွေလည်း လုပ်ခဲ့တာမှာ နိုင်ငံသားများပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကိုလည်း ပြင်ဆင်ရပ်ဆိုင်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကို ကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့်ပါတဲ့ ဉပဒေကိုလည်း အသစ်ရေးဆွဲခဲ့တာကြောင့် နိုင်ငံသားအခွင့်အရေးတွေ လုံးဝနီးပါးဆုံးရှုံးနေတယ်လို့ အမှုအခင်းတွေ လိုက်လံဆောင်ရွက်နေတဲ့ ရှေ့နေ တစ်ယောက်က ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအရရော နိုင်လွတ်လုံဥပဒေပါ ပြဋ္ဌာန်းချက်အရဆိုရင် နိုင်ငံသားတွေဟာ တခြားပုဂ္ဂိုလ် တစ်ဦး တစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတခုကို တမင်တကာ ထိခိုက်နစ်နာ စေလိုတဲ့ ရည်ရွယ်ချက်မဟုတ်ဘဲနဲ့ ပြောဆိုမယ်ဆိုရင်၊ သူတို့ရဲ့ လွတ်လပ်ပိုင်ခွင့် ရေးသားပိုင်ခွင့် ဝေဖန်ပိုင်ခွင့်ကို အပြည့်အဝ ပေးထားတာကို ကျနော်တို့ တွေ့ရမှာဖြစ်ပါတယ်။ ရေးသားတာ ဝေဖန်တာ ပြောဆိုတာတွေက ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် အဖွဲ့အစည်းတခုကို ထိခိုက်သည့်တိုင်အောင် အဲဒါသည် အများပြည်သူဆိုင်ရာ အကျိုးစီးပွားကို ရည်ရွယ်ပြီးတော့ အချက်အလက်အမှန်တွေပေါ်မှာ ထောက်ပြ ဝေဖန်‌သုံးသပ်တာ ပြောဆိုတာတွေသည် ဉပဒေအရ အရေးယူလို့ မရဘူးဆိုတာ   ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်။ နိုင်ငံသားတွေက ဖွဲ့စည်းပုံ အခြေခံဉပဒေမှာပါတဲ့ ကိုယ့်ရဲ့ အခွင့်အရေးတွေ လုံးဝနီးပါး ထိန်းသိမ်း ချုပ်ကိုင်ခွင့်ခံနေရတဲ့ သဘောဖြစ်နေပါတယ်။”

လူမှုကွန်ရက်တွေကနေ ရေးသားမျှဝေတာကို စောင့်ကြည့်တဲ့အဖွဲ့တစ်ခုနဲ့ စနစ်တကျ ဖွဲ့စည်းစောင့်ကြည့်နေတာကြောင့် စစ်ကောင်စီ လက်ဝေခံ လူမှုကွန်ရက်ချန်နယ်တွေကနေ ဖမ်းဆီးအရေးယူဖို့ အချက်အလက်တွေ ပေးပို့တာနဲ့ အလျင်အမြန်အရေးယူနိုင်တာဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

စစ်တပ်က သူတို့ရဲ့ ဝါဒဖြန့်မှုတွေကိုပဲ တင်ပြချင်တာဖြစ်ပြီး လူထုကို မှန်ကန်တဲ့သတင်း အချက်အလက်တွေကို ဖုံးကွယ်ချင်လို့ လုပ်တာဖြစ်တယ်လို့ facebook စာမျက်မှာပေါ်မှာ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ ပို့စ်တခု ရေးသားခဲ့တဲ့အတွက် ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရလို့ ထွက်ပြေးတိမ်းရှောင်ရင်း လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သူ တစ်ယောက်ကလည်း ပြောပါတယ်။

“အစ်ကိုတို့က ဖေ့ဘွတ်ခ်မှာ ပွင့်ပွင့်လင်းလင်းဝေဖန်တယ် ရေးသားတယ်။ ဒီအပေါ်မှာ အစ်ကိုတို့က ဆူပူအောင်လှုံ့ဆော်တယ်ဆိုပြီး ဖမ်းတော့တာပဲ။ ပုဒ်  ၅၀၅ တပ်ပြီးတော့ သစ်ပင်တွေမှာ ကပ်ပြီးတော့ ဝရမ်းပြေး ကြေညာတယ်လေ။ အစ်ကိုတို့လည်းပြေးရတာပေါ့။ အစ်ကိုပုန်းတဲ့နေရာကို ခြေရာခံလိုက်မိပြီးတော့ သူတို့ ကားသုံးစီးနဲ့ လူအင်အားတစ်ရာလောက်နဲ့ ဝိုင်းဝန်းဖမ်းတယ်။ ဖမ်းတော့ ထပ်ထွက်ပြေးတာ လွတ်မြောက်သွားတယ် ပေါ့လေ။ နောက်ဆုံး လက်နက်ကိုင်လမ်းစဉ်နဲ့ ကိုင်ပြီး ဖြေရှင်းမှပဲရတော့မယ်ဆိုပြီးတော့ မြင်လာတဲ့အတွက် အစ်ကိုတို့လည်း လက်နက်ကိုင်လမ်းစဉ်အပေါ်ကို ရပ်တည်ခဲ့တာပါ။ အာဏာရှင်စစ်တပ်ဆိုတဲ့အတိုင်း သူတို့ရဲ့ ထုတ်ပြန်ချက်ဆိုက်ဝါးတွေပေါ့။ ဒါတွေကို သူတို့ကပြည်သူကိုဝါဒဖြန့်တယ် ဒီဝါဒဖြန့်မှုကိုဆန့်ကျင်တဲ့ မီဒီယာတွေ အဖွဲ့အစည်းတွေ ရေးသားချက်တွေ ဝါဒဖြန့်ချက်တွေကို သူတို့က လိုက်ပိတ်ပင်တယ် သူတို့ဟာကိုပဲ ပြည်သူကို သိစေချင်တယ် သူတို့က အာ့တိုင်းပဲ သွားနေတာ။”

ပြီးခဲ့တဲ့ ဧပြီတုန်းကလည်း ပဇီကြီးလေကြောင်းတိုက်ခိုက်မှုမှာ ဝမ်းနည်းကြောင်း အနက်ရောင် ပရိုဖိုင်ပြောင်းခဲ့တဲ့ အနုပညာရှင်တွေနဲ့ သတင်းစာဆရာတို့ကိုလည်း ဖမ်းဆီးခဲ့ပြီး ပုဒ်မ  ၅၀၅ နဲ့ အမှုဖွင့်ခဲ့ပါတယ်။

မေလမှာတော့ လျှပ်စစ်မီးမမှန်တဲ့အကြောင်းဝေဖန်ပြောဆိုတဲ့ အဆိုတော်ဗျူဟာကိုလည်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါသေးတယ်။

အခုလိုလူမှုကွန်ရက်အသုံးပြု ဝေဖန်ပြောဆိုသူတွေဖမ်းဆီးခံရတာက မူးယစ်ဆေးဝါးနဲ့ တခြားရာဇဝတ်မှုတွေ ထက်ပိုပြီး မြန်ဆန်တဲ့အရေးယူမှုမျိုးကို စစ်ကောင်စီက ပြုလုပ်နေတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ Facebook အသုံးပြုသူတွေက အများစုဖြစ်ပြီး TikTok နဲ့ Telegram အသုံးပြုသူ အချို့လည်း ပါဝင်ပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှုကြောင့် အဖမ်းခံရသူ အရေအတွက်ဟာ လစဉ် ပျမ်းမျှ ၆၅  ယောက်လောက်ရှိပြီး  အများဆုံးဖမ်းဆီးခံရတာကတော့ ရန်ကုန်နဲ့ မန္တလေးမြို့တို့က ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013