DVB Logo
Home
မြန်မာသတင်း
Facebook တွင် ပဇီကြီးဖြစ်စဉ် အနက်ရောင် ပရိုဖိုင်ပြောင်းသူများကို စစ်ကောင်စီက ဖမ်းဆီးနေ
DVB
·
April 23, 2023
Facebook တွင် ပဇီကြီးဖြစ်စဉ် အနက်ရောင် ပရိုဖိုင်ပြောင်းသူများကို စစ်ကောင်စီက ဖမ်းဆီးနေ
Donate to DVB

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Facebook မှာ အနက်ရောင် ပရိုဖိုင်ပြောင်းတဲ့သူတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဒီရက်ပိုင်းအတွင်း လိုက်လံ ဖမ်းဆီးနေပါတယ်။

ပဇီကြီးကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး နောက်ပိုင်း ပြည်သူတွေက ဝမ်းနည်းတဲ့ အထိမ်းအမှတ်နဲ့ အနက်ရောင် ပရိုဖိုင်ပြောင်းကြတဲ့အပေါ် စစ်ကောင်စီ လက်အောက်ခံ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေကနေ ပရိုဖိုင် ပြောင်းတဲ့ ပြည်သူတွေကို လိုက်လံဖမ်းဆီးဖို့ လှုံ့ဆော် ရေးသားနေကြတာပါ။

အခုလို အပြစ်မဲ့ပြည်သူတွေကို လိုက်လံဖမ်းဆီးတာဟာ ပြည်သူတွေကို အကြောက်တရား ရိုက်သွင်းချင်တာကြောင့် အာဏာရှင်ဆန်ဆန် လုပ်တာလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

"ပြီးခဲ့တဲ့ရက်တွေတုန်းက Black profile ပြောင်းတဲ့ ပြည်သူလူထုကို စစ်ကောင်စီက လိုက်လံ ဖမ်းဆီးနေတာကတော့ တကယ်တော့ ဒါရဲ့ ရည်ရွယ်ချက်က အကြောက်တရား သွင်းတာပါ။ အဲ့တော့ ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်။ ဒီလို ခံရမယ်။ ဒီလို ခံဝန်တွေ ထိုးရမယ်။ ဒီလို လက်မှတ်တွေ ထိုးရမယ်။ ပြီးတော့ ငါတို့ ဒီလို စောင့်ကြည့်မယ်ဆိုတဲ့ ပုံစံမျိုး ရိုက်သွင်းတာပါ။ အကြောက်တရား သွင်းတာပါ။ အကြမ်းဖက် စစ်ကောင်စီ အာဏာရှင်စနစ်ကတော့ အာဏာရှင်စနစ်ရဲ့ ပုံစံ အတိုင်းပါပဲ။ ပြည်သူလူထုကို အုပ်ချုပ်တဲ့အခါမှာ အကြောက်တရားနဲ့ အုပ်ချုပ်တာ ဖြစ်ပါတယ်။

"ကိုယ့်အနေနဲ့က ပရိုဖိုင် လော့ခ်ချထားဖို့ လိုမယ်။ ပြီးတော့ ကိုယ့်ရဲ့ သူငယ်ချင်းတွေထဲမှာ အကြမ်းဖက် စစ်ကောင်စီ အားပေး ထောက်ခံသူ ရှိမရှိ ပြန်စစ်မယ်။ ကိုယ့်ရဲ့ လုံခြုံရေးအတွက် ဖြစ်ပါတယ်။ပြီးတော့ ဂိတ်တွေ ဖြတ်တဲ့အခါမှာ သွားတဲ့လာတဲ့အခါ ရှင်းဖို့ လိုပါတယ်။ ကိုယ့်လုံခြုံရေးအတွက် အမြဲ ပြင်ဆင်ထားဖို့ လိုပါတယ်" လို့ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ် အဖွဲ့အစည်း ဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်အတွင်း သရုပ်ဆောင် မေပန်းချီ၊ မြတ်သူသူ၊ အဆိုတော် ရွှေရည်သိန်းတန်၊ မေလသံစဉ်တို့ အပါအဝင် The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာလည်း စစ်ဆေး မေးမြန်းတာတွေ လုပ်ခဲ့ပါတယ်။

ပဇီကြီး ကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ အနက်ရောင် ပရိုဖိုင် ပြောင်းတာ၊ ဝမ်းနည်းကြောင်း စာရေးတင်တာ၊ အဲဒီ သတင်းတွေကို မျှဝေတဲ့သူတွေကို စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေကနေ ဖမ်းဆီးဖို့ လှုံ့ဆော်ပြီး ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။

အခုလို ပရိုဖိုင်ဓာတ်ပုံ ပြောင်းရုံနဲ့ မတရား ဖမ်းဆီးတာဟာ ပြည်သူတွေရဲ့ သဘောဆန္ဒ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ဖိနှိပ်ချင်တာကြောင့်လို့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်သူတယောက်က ပြောပါတယ်။

"ဒီလိုမျိုး ဖိနှိပ်မှုတွေဆိုတာ တကယ်တမ်းကျတော့ ကျမတို့ ဘာမှ မလုပ်ဘဲ၊ သူတို့ကို စကားတခွန်း မပြောဘဲ ဒီလောက်လေး လုပ်တာတောင် မခံမရပ်နိုင်ဖြစ်တာပေါ့။ ပြည်သူတွေက သူတို့ရဲ့ လုပ်ရပ်တွေ သူတို့ အပြစ်မဲ့လူတွေကို သတ်တဲ့လုပ်ရပ်တွေ မကြိုက်ဘူးဆိုတာ သိတယ်။ လက်မခံဘူး အားမပေးဘူးဆိုတာ သိတယ်။ ဒါပေမဲ့ ဘယ်လိုမှ မခံစားနိုင်တဲ့အခါ နှိပ်စက်ပြတယ်။ အကြောက်တရားနဲ့ ကျမတို့ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားတယ်။

"စစ်အာဏာသိမ်းကတည်းက ပစ်တယ် ခတ်တယ် သတ်တယ်။ ဒီလို အကြောက်တရားတွေနဲ့ ထိန်းချုပ်ပြီးတော့ လူတွေကို လုပ်ဖို့ ကြိုးစားတယ်။ ကျမတို့ရဲ့ အခွင့်အရေးတွေကို ပိတ်ပင်အောင် ကြိုးစားတယ်။ ဒီလိုမျိုးနဲ့ သူတို့ရဲ့ နည်းစဉ် နည်းလမ်းအတိုင်း လုပ်ကြတာပေါ့။ ကျမတို့ကို ဘယ်လိုပဲ ကြောက်လန့်အောင်လုပ်လုပ် ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေကတော့ ဖော်ထုတ်ခွင့် မရှိသော်လည်း စိတ်ထဲမှာ အမြဲရှိနေတယ်။ ကျမတို့ တနည်းတဖုံနဲ့ ဖော်ထုတ်ကြမှာပေါ့"လို့ ပြည်သူတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ဧပြီလ ၁၁ ရက်က ရက်ကျေးရုံး ဖွင့်ပွဲ အလှုအဖြစ် ကျွေးမွေးနေတဲ့ နေရာကို စစ်ကောင်စီကဂျက်လေယာဉ်နဲ့ အင်အားပြင်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရဟတ်ယာဉ်နဲ့ ၄ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ အပါအဝင် ပြည်သူအယောက် ၁၇၀ ကျော်သေဆုံးခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး  အမေရိကန်၊ အီးယူ၊ အာဆီယံ၊ နော်ဝေနဲ့  မလေးရှားနိုင်ငံတွေက ဆန့်ကျင်ကန့်ကွက်ရှုတ်ချလိုက်ပြီး  အရပ်သားတွေအပေါ် အကြမ်းဖက်မှုအားလုံး ရပ်တန့်ဖို့  မြန်မာစစ်အာဏာရှင်ကို  တောင်းဆို လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013