
စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန် ကြိုးကိုင်ညှိနှိုင်းခဲ့ပြီး မအောင်မြင်ခဲ့တဲ့ စစ်အုပ်စုရဲ့ ရွှေခဝါချ မှောင်ခိုရောင်းစားမဲ့ အစီအစဉ်အကြောင်း Justice For Myanmar အဖွဲ့က စုံစမ်းဖော်ထုတ်ပြီး ဇူလိုင် ၁၇ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု စတင်ပြီးနောက်ပိုင်း လအနည်းငယ်အကြာမှာ စစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ ကွန်ရက်တခုက ထိုင်း၊ လာအိုနဲ့ ဟောင်ကောင်တို့ကနေ တဆင့် ရွှေ ၈၀၀ ကီလိုဂရမ် ရောင်းချဖို့ ကြိုးပမ်းခဲ့ကြောင်း Justice For Myanmar က ရရှိထားတဲ့ စာချုပ်မူကြမ်းတွေ၊ ရည်ရွယ်ချက်ပါ သဘောတူညီမှုစာလွှာတွေနဲ့ ပုဂ္ဂိုလ်ရေး ဆက်သွယ်ပြောဆိုထားတဲ့ စာတိုအထောက်အထားတွေအရ ထုတ်ပြန်လိုက်တာပါ။
အဆိုပါ ရွှေဝယ်မဲ့လူကို ရှာဖွေရာမှာ မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန် ပါဝင်ပတ်သက်နေကြောင်း၊ မင်းအောင်လှိုင် မိသားစုရဲ့ အနီးကပ်လူယုံ၊ စစ်လက်နက်ပွဲစား ထွန်းမင်းလတ်ဟာ ထိုင်းနိုင်ငံသား စီးပွားရေးမိတ်ဖက်ဖြစ်တဲ့ ထိုင်းလွှတ်တော်အမတ်ဟောင်း ဥပကစ် ပါချာရီယန်ကွန်းနဲ့အတူ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ Justice For Myanmar က ဆိုပါတယ်။
အဆိုပါ ရွှေရောင်းချမှုကို “ကြိုးကိုင်ညှိနှိုင်းသူ” မှာ ခင်သီရိသက်မွန် ဖြစ်ကြောင်း၊ သူ့ကို မိသားစုနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက “မီးငယ်” လို့ အိမ်နာမည်နဲ့ ရည်ညွှန်းခေါ်ဆိုကြောင်း၊ ထွန်းမင်းလတ်နဲ့ ဥပကစ်တို့ကြား အပြန်အလှန် စာတိုပြောဆိုမှု မှတ်တမ်းတွေမှာတော့ ခင်သီရိသက်မွန်ကို “သမီးတော်” လို့ ရည်ညွှန်းသုံးစွဲထားတဲ့အပြင် ထွန်းမင်းလတ်ဟာ ထိုစဉ်က မင်းအောင်လှိုင်ရဲ့ ကိုယ်တိုင်ခန့်ရာထူးဖြစ်တဲ့ “ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အမည်ကိုလည်း ရည်ညွှန်းအသုံးပြုကာ အဆိုပါ ရွှေရောင်းချရေးအစီအစဉ်တွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။
ပုဂ္ဂလိက ဆက်သွယ်ပြောဆိုမှု မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ်၊ မေလမှာ ထွန်းမင်းလတ်က ဥပကစ်ထံ ချဉ်းကပ်ခဲ့ပြီး ထိုစဉ်က ဈေးကွက်ပေါက်ဈေး ရွှေတကီလိုကို အမေရိကန်ဒေါ်လာ ၆၀,၁၁၅ ဝန်းကျင်မှ “၅-၁၀ ရာခိုင်နှုန်း လျှော့ဈေး” နဲ့ ရွှေတွေ ရောင်းချဖို့ရှိတယ်ဆိုပြီး ကမ်းလှမ်းခဲ့ကြောင်း၊ သူတို့ ၂ ယောက်ဟာ ပထမအသုတ်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၃၀ ဝန်းကျင် တန်ဖိုးရှိတဲ့ ရွှေတန်ဝက် (၅၀၀ ကီလိုဂရမ်) ကို ငွေသားနဲ့ ပေးချေနိုင်ဖို့ ဆွေးနွေးခဲ့ကြောင်း၊ ထွန်းမင်းလတ်က ရွှေတချို့ဟာ ဘန်ကောက်မှာ ရောင်းချဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်းနဲ့ နောက်ထပ်လည်း ပုံမှန်ရောင်းချသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး အဆိုပါအရောင်းအဝယ်ကို အထူးလျှို့ဝှက်ထားဖို့ လိုအပ်ကြောင်း သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
ဝယ်ယူသူအဖြစ် ချဉ်းကပ်ထားတဲ့ ကုမ္ပဏီကတော့ လာအိုစီးပွားရေးလုပ်ငန်းစုကြီး AIF Group ရဲ့ လက်အောက်ခံ ကုန်စည်ရောင်းဝယ်ရေးကုမ္ပဏီတခုဖြစ်ပြီး ထိုင်းနိုင်ငံရှိ ကိုယ်စားလှယ်ကုမ္ပဏီတခု ဖြစ်တဲ့ BFA (Thailand) ကုမ္ပဏီက အပြီးသတ်ရောင်းချသူအဖြစ် ဆောင်ရွက်ဖို့ ကြိုးပမ်းခဲ့ပြီး ငွေပေးချေမှုတွေကို လာအိုဘဏ် BIC ကတဆင့် ဆောင်ရွက်ဖို့ စီစဉ်ထားခဲ့ပေမဲ့ အရောင်းအဝယ် ပြီးမြောက်ဖို့ နှစ်ဖက်စလုံးက လိုအပ်တဲ့ ငွေကြေးအာမခံချက်တွေကို ပေးအပ်နိုင်ခြင်း မရှိတော့လို့ ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းမှာ အဆိုပါအရောင်းအဝယ် ပျက်ပြယ်သွားခဲ့တယ်လို့ ဆိုပါတယ်။
စာရွက်စာတမ်းတွေမှာ ရွှေ ၂၀၀ ကီလိုဂရမ် ရောင်းချပြီးဖြစ်ကြောင်း ရည်ညွှန်းထားပေမဲ့ အမှန်တကယ် ရွှေလွှဲပြောင်းရောင်းချခဲ့မှု ရှိ၊ မရှိအပေါ် သီးခြားအတည်ပြုနိုင်ခဲ့ခြင်းမရှိကြောင်း ဒီလိုလုပ်ဖို့ ကြိုးစားတာဟာ စစ်အုပ်စုနဲ့ မင်းအောင်လှိုင်ရဲ့ အတွင်းလူယုံတွေရဲ့ နိုင်ငံဖြတ်ကျော် ရွှေမှောင်ခိုရောင်းချမှုနဲ့ ခဝါချမှု အန္တရာယ် မြင့်မားကြောင်းကို သက်သေပြနေတယ်လို့ Justice For Myanmar က ပြောပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်အုပ်စုက ရာဇဝတ်စီးပွားဂိုဏ်းတခု ဖြစ်ပါတယ်။ JFM က ဖော်ထုတ်မှတ်တမ်းတင်ထားတဲ့ ရွှေခဝါချဖို့ ကြိုးပမ်းမှု အကြံအစည် အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ အဆမတန် မြင့်တက်လာမှု အတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ စစ်အုပ်စု ဆက်လက်ကျူးလွန်နေတဲ့ ရာဇဝတ်လုပ်ငန်းတွေက သူတို့ဟာ အစိုးရတရပ် မဟုတ်ကြောင်းနဲ့ သူတို့ကို မှားယွင်းတဲ့ တရားဝင်မှုကို ပေးအပ်လို့ မရကြောင်းကို ပြသနေပါတယ်။ ဒီအစား ထိုင်းနိုင်ငံ အပါအဝင် တခြားသော ဒေသတွင်းအစိုးရတွေအနေနဲ့ စစ်အုပ်စုက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး သေချာစွာလုပ်ဆောင်ပေးဖို့ တောင်းဆိုပါတယ်” လို့ ထုတ်ပြန်ပြောပါတယ်။
ထိုင်း၊ လာအိုနဲ့ ဟောင်ကောင် အာဏာပိုင်တွေအနေနဲ့ စစ်အုပ်စုရဲ့ တရားမဝင် ရွှေရောင်းဝယ်မှုကို စုံစမ်းစစ်ဆေးပြီး အရေးယူ တာဝန်ခံစေရေး ဆောင်ရွက်ဖို့၊ အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတို့ အနေနဲ့ စစ်အုပ်စုနဲ့ ခရိုနီအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အရေးတကြီး တိုးချဲ့လုပ်ဆောင်ရဖို့ Justice For Myanmar က တိုက်တွန်းထားပါတယ်။










