DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်
DVB
·
October 18, 2023
ထားဝယ်တွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ စစ်ကောင်စီရဲ့ ထားဝယ်အကျဥ်းထောင်တွင်း တရားရုံးကနေ အောက်တိုဘာလ ဒုတိယပတ်နဲ့ တတိယပတ်တွေမှာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ကို နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်နဲ့ သူတို့ရဲ့ မိသားစုတွေထံက သိရပါတယ်။

အောက်တိုဘာလ ဒုတိယအပတ်မှာ ထားဝယ်မြို့၊ အနောက်ရပ်မှာ နေထိုင်တဲ့ မယဥ်ယဥ်ချိုကို ပုဒ်မ ၅၀(ည)၊ ပုဒ်မ၅၁၊ ၅၂ နဲ့ ၅၄ တို့အတွက် ထောင်ဒဏ် ၃၂ နှစ် ချမှတ်ခဲ့ပါတယ်။

မယဥ်ယဥ်ချိုဟာ အခုနှစ် မေလမှာ ပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၂ နှစ် ချခံထားရတာကြောင့် စုစုပေါင်း ထောင်ဒဏ် ၄၄ နှစ် ကျခံရမှာဖြစ်ပြီး ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ်အမြင့်ဆုံး နိုင်ငံရေးအကျဥ်းသူဖြစ်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ထားဝယ်မြို့၊ အနောက်ရပ်ရှိ နေအိမ်မှာ မယဥ်ယဥ်ချိုဟာ မောင်ဖြစ်သူ ကိုသက်ဇော်ဝင်းနဲ့အတူ အဖမ်းခံရပြီး PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မအသီးသီးတပ်ကာ တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၆ ရက်မှာလည်း ထားဝယ်မြို့က ကိုလင်းထက်ဖြိုးကို ထားဝယ်ထောင်အတွင်း တရားရုံးကနေ ပုဒ်မ ၅၀(ည)၊ ၅၂(က) တွေနဲ့ တရားစွဲထားတာကို ထောင်ဒဏ် ၁၅ နှစ် အမိန့်ချခဲ့ပါတယ်။

ကိုလင်းထက်ဖြိုးဟာ ထားဝယ်တက္ကသိုလ်ကျောင်းသားတဦးဖြစ်ပြီး DJ artist တဦးလည်း ဖြစ်ပါတယ်။

ဇူလိုင် ၂၆ ရက်က နေအိမ်မှာပဲ အဖမ်းခံလိုက်ရပြီး အခုလို အကြမ်းဖက်ပုဒ်မတွေတပ်ပြီး တရားစွဲဆိုခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ကိုလင်းထက်ဖြိုးရဲ့ သူငယ်ချင်းတဦးက “အမိန့်ကတော့ ချလိုက်ပြီ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး မေးမြန်းတာက ထားဝယ်ထောင်အခြေအနေက အရင်လိုမဟုတ်တော့ မေးမြန်းလို့မရဘူးဗျ။ ထောင်အကြီးအကဲတွေအားလုံးက စစ်ဘက်က လာထိန်းချုပ်ထားတော့ ထောင်ဝင်စာတောင် အရင်ကထက် ပိုပြီး ခက်ခက်ခဲခဲပို့ရတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက်ကလည်း ထားဝယ်ထောင်က အကျဥ်းသား ၁၆၀ နဲ့ အကျဥ်းသူ ၄၀ ကျော်ကို ရဲဘက်စခန်းပို့ခဲ့တယ်လို့ ထောင်နဲ့နီးစပ်သူတွေဆီက သိရပြီး အဲဒီ ရဲဘက်စခန်း ပို့ခံရတဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသားတွေ မပါဝင်ဘဲ တခြားရာဇဝတ်မှုနဲ့ အကျဥ်းကျနေသူတွေသာ ပါဝင်တယ်လို့ နိုင်ငံရေးအကျဥ်သား မိသားစုဝင်တွေက အတည်ပြုပါတယ်။

လက်ရှိ ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းသားဦးရေ ၁,၀၀၀ ဝန်းကျင်ရှိပြီး နိုင်ငံရေးအကျဥ်းသား ၄၀၀ ကျော် ရှိ​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013