DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပေါ် ရှုတ်ချသည့်လှုပ်ရှားမှု ပြုလုပ်
DVB
·
October 18, 2023
ရန်ကုန်တွင် မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပေါ် ရှုတ်ချသည့်လှုပ်ရှားမှု ပြုလုပ်
Donate to DVB

မုန်လိုင်ခက် စစ်ရှောင်စခန်း ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ရှုတ်ချ​​ကြောင်းနဲ့ အာဏာသိမ်းစစ်တပ်ကို အမြစ်ဖြတ်ဖို့ ပြည်သူတွေကိုလှုံ့​ဆော်​တဲ့ လှုပ်ရှားမှုတရပ်ကို ရန်ကုန်တိုင်းထဲက လူစည်ကားတဲ့နေရာတွေမှာ အောက်တိုဘာ ၁၇ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ မြေပြင်သပိတ်ရဲဘော်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခွဲလောက်က လိုင်ဇာမြို့အနီး မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးအပါအဝင် ၂၉  ဦးသေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ 

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး “ကလေးပါမကျန်သတ်တဲ့ ဖက်ဆစ်တပ်၊ ပြည်သူအားနဲ့ အမြစ်ဖြတ်” စာသားပါ စာရွက်တွေကို ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေ၊ ဓာတ်တိုင်တွေ၊ လူစည်ကားတဲ့ ဘတ်စ်ကားမှတ်တိုင်တွေမှာ ကပ်ပြီး လှုပ်ရှားမှု ပြုလုပ်ခဲ့တာပါ။

စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဒုဥက္ကဋ္ဌက“ အဲ့ဒီဖြစ်စဉ်ကို ကျမတို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ရဲဘော်များအားလုံးကလည်း ပြည်သူတွေနဲ့အတူ ထပ်တူ ဝမ်းနည်းကြေကွဲခဲ့ရတယ်။ ကမ္ဘာမကြေသလို ဘယ်တော့မှ မေ့မရတဲ့နေ့လည်း ဖြစ်တယ်။ ဒီလိုဖြစ်စဉ်တွေကလည်း အကြိမ်ရေ အများအပြားဖြစ်နေပြီး ကလေးပါမကျန် သတ်တဲ့ အကြမ်းဖက်စစ်တပ် ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို အားမလျှော့ ကြဖို့ တော်လှန်ရေးရဲဘော်တွေနဲ့အတူတူ ရှေ့ဆက် လျှောက်လှမ်း အားတင်းထားဖို့ နှိုးဆော်ရင်း ဒီလှုပ်ရှားမှုလေးကို ပြုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရဲဘော် ကိုနန်းကလည်း မြေပြင်သပိတ် လှုပ်ရှားမှုတွေ ပြုလုပ်ရာမှာ အဓိကစိန်ခေါ်မှု အခက်အခဲတွေကို  ပြောပြပါတယ်။

“အဓိကကတော့ အခြေခံလူတန်းစားတွေ။ များသောအားဖြင့် စားဝတ်နေရေးကြောင့် တော်လှန်ရေးကို တော်ရုံ အာရုံမစိုက်နိုင်ကြဘူး။ အဲ့တော့ ကျနော်တို့ အခြေခံပြည်သူတွေ အများဆုံးရှိနိုင်မယ့် နေရာမျိုးတွေကို အဓိကဦးတည်ပြီး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်။ အခက်အခဲတွေကတော့ ရှိတာပေါ့။ လွန်ခဲ့တဲ့နှစ်က ကျနော်တို့ လှုပ်ရှား‌မှုတွေပြုလုပ်တဲ့ ပုံစံနဲ့ အခုနှစ် ပုံစံတွေက အရမ်းကွာခြားတယ်။ ရန်သူတွေကလည်း တော်တော်လေးကို ပါးနပ်လာတဲ့‌‌ အခြေအနေမှာ ကျနော်တို့ ဖြစ်နိုင်ခြေတွေ အကုန်လုံးကို တွက်ဆပြီး လုံခြုံရေးကိုပဲ ဦးစားပေးရတယ်။ အဲ့ဒါကြောင့် ကျနော်တို့က လှုပ်ရှားမှုတခုလုပ်ဖို့ တစထက်တစ ပိုပိုပြီး ခက်ခဲလာတယ်။ ဒါ့ကြောင့် ရေရှည်မှာ ပြည်သူတွေရဲ့ အကူအညီဟာ အဓိက လိုအပ်လာမယ်။ စကစကလည်း ကျနော်တို့ပြည်သူတွေကို နည်းမျိုးစုံနဲ့ တော်လှန်ရေးမှာ မပါဝင်နိုင်အောင် ကြိုးစားမှာပဲ။ ကျနော်တို့ မြေပြင်သပိတ်လှုပ်ရှားသူတွေနဲ့ လွန်ဆွဲနေတဲ့သဘောပေါ့။ အဲ့‌တော့ ပြည်သူတွေ‌‌ တော်လှန်ရေးနဲ့ အလှမ်းမဝေးစေဖို့က ကျနော်တို့ရဲ့ အဓိကစိန်ခေါ်မှု ဖြစ်သွားမယ်ထင်တယ်။”

လက်ရှိမှာတော့ ရန်ကုန်မြို့မှာ စစ်ကောင်စီရဲ့ မြေပြင်လုံခြုံရေး အခြေအနေ အရမ်းတင်းကျပ်လာတာကြောင့်နဲ့ အရပ်ဝတ်တွေ အရမ်းသုံးလာကာ CCTV တွေ နေရာတိုင်းလိုလိုမှာ တပ်ဆင်ထားပါတယ်။

ဒါကြောင့် သပိတ်ထွက်ခဲ့တဲ့နေရာတွေ လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ နေရာတွေမှာ စစ်တပ်က မတရားသဖြင့် ပြည်သူတွေကို ဖမ်းဆီးပြီး အကြမ်းဖက်သမားတွေဖြစ် စွပ်စွဲအရေးယူ ထောင်ချတာတွေ ရှိလာတာကြောင့် ပြည်သူတွေကိုငဲ့တဲ့ အနေနဲ့ရော အခြေအနေတွေ စောင့်ကြည့်ပြီးမှ သေချာစီစဉ်ကြရတာကြောင့် မြို့ပေါ် သပိတ်ပွဲတွေ နည်းလာခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013