
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန်ပေါက်အရှေ့ရွာကို စက်တင်ဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာထဲက လူနေအိမ်ပေါ် ဗုံးကျရောက်ခဲ့ပြီး အိမ်မှာနေထိုင်တဲ့ အမျိုးသားတယောက်နဲ့ အမျိုးသမီး ၂ ယောက် စုစုပေါင်း မိသားစု ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေဟာ အသက် ၅၈ နှစ်အရွယ် ဒေါ်ဆန်းဝင်း၊ အသက် ၃၈ နှစ်အရွယ် ကိုထွန်းမြိုင် (ခ) ဖိုးသင်္ကြန်နဲ့ အသက် ၃၅ နှစ်အရွယ် မဇင်မာဝင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
ပုလဲဒေသခံတယောက်က “အနည်းအပါး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိပါတယ်။ အိမ်တလုံးတော့ ပျက်စီးသွားတယ်။ နယ်မြေအခြေအနေကတော့ ဘာမှထူးခြားမှုမရှိဘဲ ပြည်သူတွေရဲ့ နေအိမ်ကိုပဲ ပစ်မှတ်ထားပြီး ဗုံးကြဲသွားတဲ့သဘောပဲ” လို့ ပြောပါတယ်။
ကန်ပေါက်အရှေ့ရွာဟာ ပုလဲမြို့နဲ့ ၅ မိုင်ဝန်းကျင်ဝေးတဲ့ ကျေးရွာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုမရှိတဲ့ဒေသ ဖြစ်ပါတယ်။











