ကရင်အမျိုးသားအစည်းအရေး (ကေအန်ယူ) အုပ်ချုပ်နယ်မြေ ဆောထိမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့တယ်လို့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၆ ရက် ည ၉ နာရီ မိနစ် ၄၀ လောက်မှာ ပိန်းဇလုပ်အခြေစိုက် ခမရ ၂၆၄ တပ်ရင်းက ၈၁ မမ လက်နက်ကြီးနဲ့ ၁ ကြိမ်၊ ရေကြည်ချောင်းနေ စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီးနဲ့ ၃ ကြိမ် စုစုပေါင်း ၄ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဂွေးကုန်းကျေးရွာအုပ်စု ချုံအင်းကျေးရွာက ဦးဝင်းဌေးနဲ့ ဒေါ်အေးမူတို့ရဲ့ နေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဦးဝင်းဌေး၊ ဒေါ်အေးမူနဲ့ ဒေါ်မုန်းတို့ ၃ ဦး ဒဏ်ရာရခဲ့သလို မွေးမြူထားတဲ့ နွား ၂ ကောင်လည်း သေဆုံးခဲ့ရတယ်လို့ ပူးပေါင်းတပ်ဖွဲ့က ပြောပါတယ်။
ကေအန်ယူ အုပ်ချုပ်နယ်မြေ လယ်ဒိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၁ ကျောင်း၊ ပြည်သူပိုင် အဆောက်အဦ ၃ လုံးနဲ့ နေအိမ် ၃ လုံး ပျက်စီးခဲ့ရပြီး ရဲဘော် ၃ ဦး အပါအဝင် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ကေအန်ယူ ဗဟိုပြန်ကြားရေးကနေ သိရပါတယ်။
အောက်တိုဘာ ၁၇ ရက် မနက် ၈ နာရီ ၁၃ မိနစ်လောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၃ စင်းနဲ့ လယ်ထူးလူနေရာကို ဗုံး ၂ လုံး ကြဲချပြီး စက်သေနတ်နဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် ပြည်သူပိုင်အဆောက်အဦ ၂ လုံး ပျက်စီးခဲ့ကြောင်း၊ တဆက်တည်း ကဒီးစူဒေးနေရာကိုလည်း ဗုံး ၂ လုံး ကြဲချပြီး စက်သေနတ်နဲ့ ၁ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် ပြည်သူပိုင်အဆောက်အဦ ၁ လုံး၊ စနွင်းခင်း ၁ ခင်းနဲ့ ကန်စွန်းဥခင်း ၁ ခင်း ပျက်စီးကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် မနက် ၉ နာရီ ၁၀ မိနစ်လောက်ကလည်း စစ်ကောင်စီက ခဲဒိုးကျေးရွာအုပ်စု ပယ်ဝါးဒဲကျေးရွာကို တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချပြီး စက်သေနတ်နဲ့ ၁ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သား စောပီးလေး ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် ၃ လုံးနဲ့ စာသင်ကျောင်း ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုပြန်ကြားရေးက ဆိုပါတယ်။
အောက်တိုဘာ ၁၇ ရက် ညနေမှာလည်း ကွီးလားရွာ၊ ထီးရိုးထော်ပလောနဲ့ စေးဘောဒဲ စတဲ့ နေရာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်၊ စက်သေနတ်နဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု ရှိမရှိကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အနီးအနားရှိ ကျေးရွာတွေက ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လယ်ဒိုမြို့နယ်အထက်တန်းကျောင်း၊ Klerlweehtu Junior College၊ လယ်ဝါးအလယ်တန်းကျောင်း၊ ကွီးလားအလယ်တန်းကျောင်း၊ ပယ်ဝါးဒဲ မူလတန်းကျောင်းနဲ့ ခေါလိုကလိုး မူလတန်းကျောင်းတို့ ယာယီပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။
KNU ထိန်းချုပ်နယ်မြေထဲ တပ်မဟာ ၅ မှာ တိုက်ပွဲပေါင်း ၁,၅၁၀ ကြိမ်၊ တပ်မဟာ ၃ မှာ တိုက်ပွဲပေါင်း ၇၄၄ ကြိမ်၊ တပ်မဟာ ၆ မှာ တိုက်ပွဲပေါင်း ၄၉၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုပြန်ကြားရေး ကော်မတီဝင် တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီက ၂၀၂၃ နောက်ပိုင်း လေကြောင်းပစ်ကူ ပိုသုံးလာတာဖြစ်ပြီး အရပ်သားတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာနေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။