DVB Logo
Home
မြန်မာသတင်း
ဆောထိမြို့နယ်တွင် စစ်တပ်လက်နက်ကြီး ပစ်ခတ်သဖြင့် ပြည်သူ ၃ ဦး ဒဏ်ရာရ
DVB
·
October 18, 2023
ဆောထိမြို့နယ်တွင် စစ်တပ်လက်နက်ကြီး ပစ်ခတ်သဖြင့် ပြည်သူ ၃ ဦး ဒဏ်ရာရ
Donate to DVB

ကရင်အမျိုးသားအစည်းအရေး (ကေအန်ယူ) အုပ်ချုပ်နယ်မြေ ဆောထိမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့တယ်လို့ KNLA၊  PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၆ ရက် ည ၉ နာရီ မိနစ် ၄၀ လောက်မှာ ပိန်းဇလုပ်အခြေစိုက် ခမရ ၂၆၄ တပ်ရင်းက ၈၁ မမ လက်နက်ကြီးနဲ့ ၁ ကြိမ်၊ ရေကြည်ချောင်းနေ စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီးနဲ့ ၃ ကြိမ် စုစုပေါင်း ၄ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က  ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဂွေးကုန်းကျေးရွာအုပ်စု ချုံအင်းကျေးရွာက ဦးဝင်းဌေးနဲ့ ဒေါ်အေးမူတို့ရဲ့ နေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဦးဝင်းဌေး၊ ဒေါ်အေးမူနဲ့ ဒေါ်မုန်းတို့ ၃ ဦး ဒဏ်ရာရခဲ့သလို မွေးမြူထားတဲ့ နွား ၂ ကောင်လည်း သေဆုံးခဲ့ရတယ်လို့ ပူးပေါင်းတပ်ဖွဲ့က ပြောပါတယ်။

ကေအန်ယူ အုပ်ချုပ်နယ်မြေ လယ်ဒိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၁ ကျောင်း၊ ပြည်သူပိုင် အဆောက်အဦ ၃ လုံးနဲ့ နေအိမ် ၃ လုံး ပျက်စီးခဲ့ရပြီး ရဲဘော် ၃ ဦး အပါအဝင် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ကေအန်ယူ ဗဟိုပြန်ကြားရေးကနေ သိရပါတယ်။

အောက်တိုဘာ ၁၇ ရက် မနက် ၈ နာရီ ၁၃ မိနစ်လောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၃ စင်းနဲ့ လယ်ထူးလူနေရာကို ဗုံး ၂ လုံး ကြဲချပြီး  စက်သေနတ်နဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် ပြည်သူပိုင်အဆောက်အဦ ၂ လုံး ပျက်စီးခဲ့ကြောင်း၊ တဆက်တည်း ကဒီးစူဒေးနေရာကိုလည်း ဗုံး ၂ လုံး ကြဲချပြီး စက်သေနတ်နဲ့ ၁ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် ပြည်သူပိုင်အဆောက်အဦ ၁ လုံး၊ စနွင်းခင်း ၁ ခင်းနဲ့ ကန်စွန်းဥခင်း ၁ ခင်း ပျက်စီးကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် မနက် ၉ နာရီ ၁၀ မိနစ်လောက်ကလည်း စစ်ကောင်စီက ခဲဒိုးကျေးရွာအုပ်စု ပယ်ဝါးဒဲကျေးရွာကို တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချပြီး စက်သေနတ်နဲ့ ၁ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သား စောပီးလေး ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် ၃ လုံးနဲ့ စာသင်ကျောင်း ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုပြန်ကြားရေးက ဆိုပါတယ်။

အောက်တိုဘာ ၁၇ ရက် ညနေမှာလည်း ကွီးလားရွာ၊ ထီးရိုးထော်ပလောနဲ့ စေးဘောဒဲ စတဲ့ နေရာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်၊ စက်သေနတ်နဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု ရှိမရှိကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အနီးအနားရှိ ကျေးရွာတွေက ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လယ်ဒိုမြို့နယ်အထက်တန်းကျောင်း၊ Klerlweehtu Junior College၊ လယ်ဝါးအလယ်တန်းကျောင်း၊ ကွီးလားအလယ်တန်းကျောင်း၊ ပယ်ဝါးဒဲ မူလတန်းကျောင်းနဲ့ ခေါလိုကလိုး မူလတန်းကျောင်းတို့ ယာယီပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

KNU ထိန်းချုပ်နယ်မြေထဲ တပ်မဟာ ၅ မှာ တိုက်ပွဲပေါင်း ၁,၅၁၀ ကြိမ်၊ တပ်မဟာ ၃ မှာ တိုက်ပွဲပေါင်း ၇၄၄ ကြိမ်၊ တပ်မဟာ ၆ မှာ တိုက်ပွဲပေါင်း ၄၉၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုပြန်ကြားရေး ကော်မတီဝင် တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၃ နောက်ပိုင်း လေကြောင်းပစ်ကူ ပိုသုံးလာတာဖြစ်ပြီး အရပ်သားတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာနေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013