Home
မြန်မာသတင်း
မောင်တောတွင် ငှက်ပျောသီးများ စျေး​ကောင်းမရဖြစ်နေ
DVB
·
October 18, 2023

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ စားသုံးသူနည်းပါးတာနဲ့ ဝယ်သူစျေးကွက် မရှိတာကြောင့် ငှက်ပျောသီးတွေ စျေး​ကောင်းမရဖြစ်နေတယ်လို့ ငှက်ပျောစိုက် တောင်သူတွေထံက သိရပါတယ်။

မောင်တောဒေသခံတဦးက “ဝယ်ယူမယ့်စျေးကွက် နည်းတယ်။ စားသုံးသူ နည်းတယ်။ ကုန်ချောထုတ်မယ့်စက်ရုံ အလုပ်ရုံ မရှိတော့ ဒေသထွက် စိုက်ပျိုးရေးထွက်ကုန်က ရသင့်ရထိုက်တဲ့စျေး မရဘူးပေါ့ဗျာ။ ငှက်ပျောသီးတခိုင်ကိုမှ ၁,၅၀၀ ကျပ်နဲ့ ရောင်းချနေကြရတယ်”လို့ ပြောပါတယ်။

မောင်တောဒေသမှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်တွေ​ကြောင့် ဒေသခံ မွတ်စလင် ၆ သိန်းကျော် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတဲ့အတွက် မောင်တောဒေသမှာ စားသုံးသူလူဦးရေ ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။

မောင်တောဒေသမှာ ငှက်​ပျောအထွက်ဆုံး ကျေးရွာတွေက သင်္ဘောလှ၊ သာယာကုန်း၊ တရိမ်း၊ တမန်းသား၊ မြဝတီ၊ ခုံတိုင် စတဲ့ကျေးရွာတွေမှာ အဓိကထွက်ရှိတာပါ။

အရင်က ရသေ့တောင်မြို့နယ်နဲ့ လေးမြို့ချောင်းဒေသက ငှက်ပျောသီး အများဆုံး ထွက်ရှိတာဖြစ်ပြီး လက်ရှိ မောင်တောဒေသကထွက်တဲ့ ငှက်ပျောသီးတွေကို ဘူးသီးတောင်၊ ရသေ့တောင်နဲ့ စစ်တွေမြို့တွေကို အလုံး ၁၀၀ ကျပ် ၃,၅၀၀ ကျပ်နဲ့ တင်ပို့ရောင်းချနေကြရတယ်လို့ ငှက်ပျောကုန်သည်တွေက ​ဆိုပါတယ်။

ငှက်ပျောကုန်သည်တဦးက “ဒီငှက်ပျောသီးတွေက အရင်က လေးမြို့ချောင်းက အဓိကထွက်တာဗျ။ ဒုတိယက ရသေ့တောင်က ထွက်တာ။ စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် ငှက်ပျောခြံတွေ ပျက်စီးသွားတယ်။ ကျေးရွာတွေမှာ လူတွေမရှိဘူး။ စစ်ဘေးရှောင်တွေအဖြစ်နဲ့ နေထိုင်နေကြရတော့ စိုက်ပျိုးမှုက ကျဆင်းသွားကြတယ်။ မိုခါမုန်တိုင်းကြောင့်လည်း အဲဒီဒေသတွေမှာ ငှက်ပျောစိုက်ဧက ၁၀၀ ခန့် ပျက်စီးသွားခဲ့ရတယ်လေ”လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်က တိုက်ခတ်သွားခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ငှက်ပျော ၆၀၅ ဧက၊ ကွမ်းသီးပင် ၁,၃၄၅ ဧက၊ ကွမ်းရွက်ပင် ၅၈ ဧက၊ ဓနိပင် ၂၃၁ ဧက၊ ကြက်ပေါင်စေး ၅ ဧကနဲ့ သစ်သီးဥယျာဉ် ၁,၇၀၉ ဧက ပျက်စီးသွားခဲ့ရကြောင်း စစ်ကောင်စီ တရားဝင် သတင်းထုတ်ပြန်ချက် ကိန်းဂဏန်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024