DVB Logo
Home
မြန်မာသတင်း
မြန်မာဆန္ဒပြပွဲများအား ဖြိုခွဲရာ၌ စစ်အုပ်စုက ကိုရီးယားထုတ် မျက်ရည်ယိုဗုံးသုံးဟု AI ထုတ်ပြန်
DVB
·
October 18, 2023
မြန်မာဆန္ဒပြပွဲများအား ဖြိုခွဲရာ၌ စစ်အုပ်စုက ကိုရီးယားထုတ် မျက်ရည်ယိုဗုံးသုံးဟု AI ထုတ်ပြန်
Donate to DVB

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ မြန်မာပြည်ဆန္ဒပြပွဲတွေကို ဖြိုခွင်းရာမှာ အာဏာသိမ်းစစ်အုပ်စုက ကိုရီးယားနိုင်ငံထုတ် မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့တာကို တွေ့ရှိရတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ပြောပါတယ်။

AI အဖွဲ့ရဲ့အဆိုအရ တောင်ကိုရီးယားအခြေစိုက် DaeKwang Chemical Corp က မြန်မာနိုင်ငံကို တင်ပို့တဲ့ "သေစေနိုင်လောက်တဲ့ လက်နက်တွေ" ကို ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ DaeKwang လက်ပစ်ဗုံးတွေနဲ့  မျက်ရည်ယိုဗုံးတွေကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲတွေနဲ့ ၂၀၂၂ ခုနှစ် သီရိလင်္ကာ ဆန္ဒပြပွဲတွေကို ဖြိုခွင်းရာမှာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာတော့ စစ်အာဏာပိုင်တွေက DaeKwang DK-44 Flashbang လက်ပစ်ဗုံးတွေကို အသုံးပြုခဲ့ကြတာဖြစ်ပြီးတော့ ကြိုတင်ပြင်ဆင်ထားတဲ့ သေစေနိုင်တဲ့ အင်အားကို အသုံးပြုတာလို့ ဆိုပါတယ်။

AI အဖွဲ့အနေနဲ့ Open-source နည်းပညာတွေ၊ လက်နက်ခွဲတွေကို ခွဲခြမ်းစိတ်ဖြာတာတွေနဲ့ ကုန်သွယ်မှု ဒေတာအချက်အလက်တွေကို အသုံးပြုပြီးတော့ ကမ္ဘာတဝန်း နိုင်ငံ ၂၅ ခုမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲပေါင်း ၅၀ ကျော်မှာ လုံခြုံရေးတပ်ဖွဲ့တွေ ဥပဒေမဲ့ အသုံးပြုခဲ့တဲ့ လက်နက်ခဲယမ်းတွေကို အဓိကထုတ်လုပ်သူ ၂၃ ခုကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တချို့ကုမ္ပဏီတွေဟာ လူ့အခွင့်အရေး အပြည့်အဝ အကာအကွယ်မရရှိဘဲ ချိုးဖောက်ခံရတဲ့ နိုင်ငံတွေဆီ လူသတ်လက်နက်တွေ၊ တခြားသော ဆက်စပ်ပစ္စည်းတွေကို ထပ်တလဲလဲ အလွဲသုံးစားပြုလုပ်ကာ တင်သွင်းခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြ သလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံး ပြည်သူအယောက် ၄,၁၅၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၃၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ ပြောပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013