
အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ဥရောပပြင်ပက လိဂ်ပြိုင်ပွဲကနေ ပထမဆုံးရရှိသူ ဖြစ်လာဖို့ရှိပါတယ်။
အသက် ၃၆ နှစ်ရှိ မက်ဆီဟာ ဥရောပချန်ပီယံ မန်စီးတီးက တိုက်စစ်မှူး ဟာလန်းကို ကျော်ဖြတ်ပြီး ဘလွန်းဒီအောဆုကို စံချိန်တင် ၈ ကြိမ်မြောက် ရရှိမယ်လို့ ကြိုတင် သတင်းပေါက်ကြားလာခဲ့တာပါ။
မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုရရှိခဲ့တာက မဲပေးသူတွေရဲ့လက်ခုပ်သံ ရရှိစေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မက်ဆီဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအောဆုကို ၂၀၂၁ ခုနှစ်က နောက်ဆုံးရရှိခဲ့တာဖြစ်ပြီး ၂၀၂၂ ဆုရှင် ဘင်ဇီမာဆီကနေ လွှဲပြောင်းရယူနိုင်တော့မှာပါ။
အမျိုသမီးအကောင်းဆုံးကစားသမားဆုကိုတော့ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ ဘာစီလိုနာကွင်းလယ်ကစားသမား ဘွန်မာတီက ရရှိသွားမယ်လို့ ခန့်မှန်းနေကြပါတယ်။
Photo-Reuters










