အင်္ဂလန်အသင်းခေါင်းဆောင်လည်းဖြစ် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးလည်းဖြစ်တဲ့ ဟယ်ရီကိန်းဟာ ၂၀၂၆ ခုနှစ်အတွက် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးရရှိသွားပြီး ဒါဟာ ၂၅ နှစ်အတွင်း ပထမဆုံး ဒီဆုရရှိတဲ့ အင်္ဂလန်ကစားသမား ဖြစ်လာပါတယ်။
မနေ့ညက လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ အသက် ၃၃ နှစ်အရွယ် အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ တခြား ကမ္ဘာကျော် ဘောလုံးသမားတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အမ်ဘာပေနဲ့ ဘာစီလိုနာ တောင်ပံကစားသမား လာမိန်းယာမဲလ်တို့ကို ကျော်လွန်ပြီး ဒီဆုကို ရရှိခဲ့တာပါ။
ဒုတိယဆုကိုတော့ ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက ရရှိခဲ့ပြီး တတိယဆုကိုတော့ ဘာစီလိုနာနဲ့ စပိန်တိုက်စစ်မှူး လာမိန်းယာမဲလ်က ရရှိခဲ့ပါတယ်။
၂၀၀၁ ခုနှစ်က အင်္ဂလန်ဘောလုံးသမား မိုက်ကယ်အိုဝင် ဒီဆုဆွတ်ခူးခဲ့ပြီးနောက်ပိုင်း ဟယ်ရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် ဆုရရှိခဲ့တာကြောင့် အင်္ဂလန်ရဲ့ ၂၅ နှစ်ကြာ စောင့်ဆိုင်းမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
အင်္ဂလန်ဘောလုံးသမားတွေဖြစ်တဲ့ စတန်လီ မက်သူးစ်က ၁၉၅၆ ခုနှစ်၊ ဘော်ဘီ ချာလ်တန်က ၁၉၆၆ ခုနှစ်နဲ့ ကီဗင် ကီးဂန်းက ၁၉၇၈-၁၉၇၉ တို့ပြီးရင် ဟယ်ရီကိန်းဟာ ၅ ယောက်မြောက် ဆုဆွတ်ခူးနိုင်သူ ဖြစ်လာခဲ့ပါတယ်။
ဟယ်ရီကန်းက “လူအများစုက ဒါကို တွေးထားကြမှာ မဟုတ်သလို ကျနော်ကိုယ်တိုင်လည်း ဒီအဆင့်အထိ ရောက်လာလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ကျနော့်ကစားသမားဘဝ အစောပိုင်းမှာ တက်လိုက် ကျလိုက်တွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။ အခုခေတ် လူငယ်တွေလိုမျိုး ကျနော်ဟာ စူပါစတားဖြစ်လာမယ်လို့ လူတွေ ထင်ကြေးပေးခံရတဲ့သူ မဟုတ်ခဲ့ပါဘူး။ ကျနော့်အချိန်ကို စောင့်ဆိုင်းပြီး ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ရပါတယ်။ အကြိမ်ကြိမ်ဆိုသလို ကျနော် စိတ်ဓာတ်နဲ့ ပြန်တိုက်ခိုက်ခဲ့ရပြီး ဒါကို ကျော်ဖြတ်ခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ဇွဲထက်သန်မှုကို ပြသခဲ့ရပါတယ်။ အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားချိန်မှာတောင် ပိုမိုတိုးတက်အောင် ကြိုးစားဖို့ ဒီအတွေ့အကြုံတွေက ကျနော့်ကို အခြေခံကောင်းကောင်း ပေးခဲ့တာပါ” လို့ ပြောပါတယ်။
အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူချယ်လ်က ဟယ်ရီကိန်း အခုလို ဆုရရှိခဲ့တာအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်လို့ ပြောကြားခဲ့ပြီး ဒီအောင်မြင်မှုဟာ “ကြီးမားတဲ့ ဂုဏ်ယူဝမ်းမြောက်စရာ” ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။
မင်းသား ဝီလီယံကလည်း စပါးကစားသမားဟောင်း ဟယ်ရီကိန်းဟာ “ပြောင်မြောက်တဲ့ အသင်းခေါင်းဆောင်တယောက်နဲ့ ထူးချွန်ထက်မြက်တဲ့ ကစားသမားဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ရာသီက ကလပ်နဲ့ လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၇၃ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အတွက် ၅၁ ပွဲမှာ ၆၁ ဂိုးအထိ သွင်းယူခဲ့ကာ ဒါဟာ ဘိုင်ယန်ကစားသမားတယောက်ရဲ့ ရာသီတခုအတွင်း အများဆုံး သွင်းဂိုးစံချိန် ဖြစ်ခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်း ပွဲစဉ်တွေ အပါအဝင် ၆၅ ပွဲမှာ ၇၃ ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။ ဥရောပ ထိပ်သီးလိဂ် ၅ ခုထဲက ကလပ်အသင်းတွေထဲမှာ ရာသီတခုအတွင်း ဒီထက်ပိုပြီး ဂိုးသွင်းနိုင်ခဲ့သူ တယောက်တည်းပဲ ရှိခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ရာသီက အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားသွင်းဂိုး ၆ ဂိုး အပါအဝင် ၁၂ ဂိုး သွင်းယူပေးခဲ့တာကြောင့် ဟယ်ရီကိန်းရဲ့ စုစုပေါင်း သွင်းဂိုးမှာ ၇၃ ဂိုးအထိ ရောက်ရှိသွားခဲ့တာပါ။
ဒါပေမဲ့ သူဟာ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နှစ်ခုစလုံးမှာ ရှုံးနိမ့်ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ရာသီက ကြီးမားတဲ့ ဆုဖလားကြီးတွေကိုတော့ မကိုင်မြှောက်နိုင်ခဲ့ဘဲနဲ့ အခုလို ရွှေဘောလုံးဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟယ်ရီကိန်းရဲ့ အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဝင်ဘလေကွင်းကြီးရဲ့ မုခ်ဦးကွေးကြီးတွေကို တနင်္လာနေ့ညက ရွှေရောင်မီးဆိုင်းများ ထွန်းညှိပေးခဲ့ပါတယ်။
၂၀၂၆ အမျိုးသမီး အကောင်းဆုံး ရွှေဘောလုံးဆုကိုတော့ စပိန်နဲ့ အင်္ဂလန်ကလပ် လန်ဒန်စီးတီးက အလက်ဆီယာ ပူတဲလပ်စ်က ရရှိသွားပြီး အမျိုးသား အကောင်းဆုံးနည်းပြဆုကိုတော့ စပိန်နည်းပြ လူးဝစ် ဒီလာဖူယန်တေးက ရရှိသလို အမျိုးသမီး အကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာ နည်းပြ ပီးရဲ ရိုမူးက ရရှိပါတယ်။
အမျိုးသား အကောင်းဆုံး လူငယ်ကစားသမားဆု Kopa Trophy ကို စပိန် ဘာစီလိုနာအသင်းမှ လာမိန်းယာမဲလ်က ရရှိပြီး အမျိုးသမီး အကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း စပိန် ဘာစီလိုနာမှ ဗစ်ကီ လိုပက်ဇ်က ရရှိပါတယ်။
အမျိုးသား အကောင်းဆုံး တိုက်စစ်မှူးဆု Gerd Müller Trophy ဆုကိုလည်း ဟယ်ရီကိန်းက ရရှိသွားပြီး အမျိုးသမီး အကောင်းဆုံး တိုက်စစ်မှူးဆုကို မက္ကဆီကို ပက်ချူကာအသင်းမှ ချာလင်း ကော်ရယ်လ်က ရပါတယ်။
အမျိုးသား အကောင်းဆုံး ဂိုးသမားဆု Yachine Trophy ဆုကို စပိန် ဘီလ်ဘာအိုအသင်းမှ အူနိုင်း ဆီမွန်၊ အမျိုးသမီး အကောင်းဆုံး ဂိုးသမားဆုကို ဘာစီလိုနာမှ ကာတာ ကိုးလ်က ရရှိပါတယ်။
အမျိုးသား အကောင်းဆုံး ကလပ်အသင်းဆုကို ပီအက်စ်ဂျီ၊ အမျိုးသမီး အကောင်းဆုံး ကလပ်အသင်းဆုကို ဘာစီလိုနာ၊ လူမှုကူညီရေးဆိုင်ရာဆု - Socrates Award ကို အာဆင်နယ်မှ ဘူကာယို ဆာကာ တို့က အသီးသီး ရရှိသွားပါတယ်။
Source: BBC Sport- Sky Sports











