DVB Logo
Home
မြန်မာသတင်း
ရွှေဘို၊ ပေါက်၊  ခင်ဦးနှင့် ယင်းမာပင်တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
October 17, 2023
ရွှေဘို၊ ပေါက်၊  ခင်ဦးနှင့် ယင်းမာပင်တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ကနေ ထွက်လာတဲ့ အင်အား ၃၀ လောက်ပါတဲ့ စစ်ကြောင်းကို  ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်မှာ လေ့ကျင့်ရေး  ၈ ကနေ ထွက်လာတဲ့ စစ်ကြောင်းက ဝက်လက်မြို့နယ်၊ ထိန်ကန်ကျေးရွာထဲမှာ တပ်စွဲထားချိန် သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဒေါင်းမျိုးဆက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကြောင်းစထိုးကတည်းကနေ ကျနော်တို့က ပြည်သူတွေကို ရှောင်ခိုင်းထားတာပါ။ စစ်ကြောင်းက ရွာထဲဝင်လာကတည်းက အိမ်တအိမ်မှာ ယာယီတပ်စွဲနေတယ် သတင်းကြားလို့ သွားတိုက်ခိုက်တာပါ။ ဗုံးသီး ၅ လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်ဘက်က အထိအခိုက်ရှိပေမဲ့ အသေးစိတ် အတည်မပြုနိုင်သေးပါဘူးဗျ။ ကျေးရွာထဲဆိုပေမဲ့ ပြည်သူအန္တရာယ်မရှိစေဖို့ အဓိက ဆောင်ရွက်ခဲ့ပါတယ်။”

တိုက်ခိုက်မှုအပြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ခိုက်မှုတွေကို ဒေါင်းမျိုးဆက် (PGZ) နဲ့ ဗိုလ်ချုပ် (ဝက်လက်) မဟာမိတ်အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

ဝက်လက်မြို့အနောက်ခြမ်းဒေသတွေမှာ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် စစ်ဆင်ရေး ဖော်ဆောင်ဖို့ သွားရောက်ရာမှာ အခက်အခဲတွေရှိနေပြီး စစ်ဆင်ရေးလုပ်ဆောင်နိုင်ဖို့ မိဘပြည်သူတွေ အနေနဲ့လည်း ပူးပေါင်းပါဝင်ပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက မေတ္တာရပ်ခံထားပါတယ်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စသိန်းကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၁၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်က မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ဒရုန်းနဲ့ တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးကြောင်း သိရှိရပါတယ်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြန်ကြားရေးတာဝန်ခံတဦးက “သေသေချာချာ သတင်းထောက်လှမ်းပြီးမှလုပ်တာပါ။ ပေါက်မြို့နယ် စသိန်းရွာထဲက ပျူနဲ့ စစ်(--)တွေကို တိုက်ခိုက်တာမှာ ၃ ကောင် သေတယ်ဗျ။ အဲဒါက နေ့လယ်ပိုင်းကပါ။ ည ၉ နာရီလောက်မှာ နောက်တခါ ရွှေဘုံသာ (ပျူ) ရွာကိုလည်း တိုက်ခိုက်ခဲ့ပါသေးတယ်ဗျ။ ညဆိုတော့ စစ်(--)တွေ ဘက်က နာကျင် အော်ဟစ် ဆဲဆိုသံတွေနဲ့ ရမ်းသန်းပစ်ခတ်မှုတွေ ကြားခဲ့ရပေမဲ့ အထိအခိုက်ကိုတော့ အတည်မပြုနိုင်သေးပါဘူးဗျ။ နှစ်ကြိမ်းလုံ ဒရုန်းနဲ့ အီနာဂါ ၁၂ လုံးစီချ တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ဘက်က အထိအခိုက် မရှိပါဘူးဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း-၁ နဲ့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို မြို့နယ် ပကဖ အဖွဲ့က အောက်တိုဘာ ၁၇ ရက် ဒီနေ့မနက် ၇ နာရီက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သေနတ် ၂ လက် ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ပကဖ တပ်စိတ်မှူးတဦးက ပြောပါတယ်။

ခင်ဦးမြို့ပေါ် မင်းသိုက်တိုက်ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဟာ ခင်ဦး-ရေဦး ကားလမ်းအတိုင်း ထွက်လာရာ တပ်စွဲထားတဲ့ မင်းသိုက်တိုက်မှ မီတာ ၃၀၀ အကွာနဲ့ တပ်စွဲထားတဲ့ ဆေးရုံမှ မီတာ ၃၀၀ အကွာကြား ကွေ့မှာ မြို့နယ်ပကဖက ကြားဖြတ်တိုက်ခဲ့တာလို့ တိုက်ပွဲမှာပါဝင်တဲ့ ရဲဘော်တဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာနဲ့ ထွက်ပြေးတဲ့တဦး ဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့နယ်ပကဖအဖွဲ့က ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး MA1 သေနတ်နှစ်လက် သိမ်းပိုက်ရရှိခဲ့တယ်လို့ ပကဖ ရဲဘော်တဦးက ပြောပါတယ်။

မြို့နယ် ပကဖ အဖွဲ့ဟာ ၂၀၂၃ ခုနှစ် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဖေဖော်ဝါရီလက မြို့ပေါ်မှာ လက်နက်ကိုင်ထားတဲ့ ဒုရဲအုပ်တဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး G3 (စကရ ၁၇၄၄) တလက်ကို တကြိမ်၊ မေလက မြင်းဒေါင်းနဲ့ သာဂရရွာကြားမှာ မူးတိမ်ချောင်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို အသေပစ်ခတ်တိုက်ခိုက်ခဲ့ပြီး MA1 တလက်နဲ့ AK47 တလက် ရရှိထားတယ်လို့ မြို့နယ် ပကဖ ခေါင်းဆောင်က ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အရှေ့မြောက်ခြမ်းက ကျောက်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရှိရာနေရာကို အောက်တိုဘာ ၁၆ ရက် နေ့ခင်း ၁၂ နာရီက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေထံက သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ စေသူရွာသစ်ကွင်းက သစ်တွေသယ်ဆောင်ရာမှာ လုံခြုံရေး ယူပေးနေတဲ့ စစ်တပ်ဖြစ်တယ်လို့လည်း ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

“ကျနော်တို့ ကျောက်ကုန်းမှာ အထိုင်ချ တပ်စွဲတဲ့ စစ်ကောင်စီနေရာကို မနေ့က ဒရုန်းယာဉ်နဲ့ သွားတိုက်ခဲ့တာ ဟုတ်ပါတယ်ဗျ။ တိုက်တာက ၂ ကြိမ် ပျံသန်းပြီး တိုက်ခိုက်ခဲ့တာပါ။ ဗုံးတွေကလည်း ပြင်းအားကောင်းဗုံးတွေကို အသုံးပြု တိုက်ခိုက်ခဲ့တာဗျ။ စစ်သားတွေ ထိခိုက်တာတော့ ရှိနိုင်တယ်၊ အတိအကျတော့ ဘာမှမသိရသေးဘူး။ သူတို့ကို ဗုံးသီးချ တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်ကတော့ ရမ်းသန်းပစ်တာတွေတော့ ရှိခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး” လို့ Chindwin Brother Force အဖွဲ့ခေါင်းဆောင်က ဒီဗွီဘီသတင်းဌာနကို ပြောပါတယ်။

အခုတိုက်ခိုက်မှုကို Chindwin Brother Force နဲ့ B21 အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Chindwin Brother Force နဲ့ B21 အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက် နေ့ခင်း ၃ နာရီခွဲက ဘုတလင်မြို့ပေါ် ထွေအုပ်ရုံးပေါ် ၂ ကြိမ်၊ ရဲစခန်းပေါ် ၃ ကြိမ် ဒရုန်းယာဉ်သုံးပြီး အခုလို တိုက်ခိုက်ခဲ့တယ်လို့လည်း အဖွဲ့တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013