DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းလိမ်လည်မှု သံသယရှိသည့် တရုတ်နိုင်ငံသား ၂,၃၀၀ ကျော်ကို မြန်မာဘက်က လွှဲပြောင်းပေး
DVB
·
October 17, 2023
အွန်လိုင်းလိမ်လည်မှု သံသယရှိသည့် တရုတ်နိုင်ငံသား ၂,၃၀၀ ကျော်ကို မြန်မာဘက်က လွှဲပြောင်းပေး
Donate to DVB

အွန်လိုင်းကနေ လိမ်လည်တာတွေလုပ်နေတယ်လို့ သံသယရှိသူ တရုတ်နိုင်ငံသား ၂,၃၀၀ ကျော်ကို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံဆီကို လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန (MPS)ကို ကိုးကားထုတ်ပြန်လာတာဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းကနေ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အွန်လိုင်း လိမ်လည်တာတွေအတွက် သံသယရှိသူ ၂,၃၄၉ ယောက်ကို လွှဲပြောင်းခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်က မြန်မာရဲတပ်ဖွဲ့ကနေ ယူနန်ပြည်နယ်၊ မြို့တမြို့ကနေ ပြည်သူ့လုံခြုံရေး အာဏာပိုင်တွေဆီကို တရားခံပြေး ၁၁၁ ယောက်အပါအဝင် သံသယရှိသူတွေကို လွှဲပြောင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နဲ့ ထိစပ်နေပြီး အခု အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေကို ဖြိုခွင်းဖမ်းဆီးလွှဲပြောင်းတာဟာ ဒီစစ်ဆင်ရေး စတင်ကတည်းက အများဆုံး လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

ထိုင်း၊ မြန်မာ၊ လာအိုနဲ့ တရုတ်တို့ပူးပေါင်းပြီး အွန်လိုင်းလိမ်လည်တာတွေကို နှိမ်နင်းဖို့ ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က ညှိနှိုင်းသဘောတူခဲ့ကြတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ ပြန်ပေးဆွဲတာတွေ အဓိကပြုလုပ်နေတဲ့ တရုတ် ရာဇဝတ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ ကမ္ဘောဒီယားနိုင်ငံကနေလာတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ကို ထိုင်းရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးခဲ့တယ်လို့လည်း ထိုင်းလူဝင်မှု ကြီးကြပ်ရေးဗျူရို(IB)ရဲ့ စက်တင်ဘာ ၄ ရက်နေ့မှာပြုလုပ်ခဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနကတော့ အခုအချိန်အထိ မြန်မာနိုင်ငံ မြောက်ပိုင်းကနေ အွန်လိုင်းလိမ်လည်မှုလုပ်တယ်လို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၄,၆၆၆ ယောက်ကို တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးပို့ထားတယ်လို့ ပြောပါတယ်။

ဒီလို စစ်ဆင်ရေးနဲ့ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ဩဂုတ်လကစပြီး တရုတ်နိုင်ငံထဲမှာ အွန်လိုင်း လိမ်လည်မှု ၄ ပုံ ၁ ပုံအထိ လျော့သွားတယ်လို့လည်း ဆိုပါတယ်။

ကိုးကန့်စီးပွားရေးသမားတချို့ကိုလည်း တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထားပြီး ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) အရာရှိနှစ်ယောက်ကိုလည်း အွန်လိုင်းငွေလိမ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်မှာ ဖမ်းဝရမ်းထုတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013