DVB Logo
Home
မြန်မာသတင်း
မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်ဟု HRW ပြော
DVB
·
October 17, 2023
မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်ဟု HRW ပြော
Donate to DVB

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ဘေးရှောင်ဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်ရဲ့  တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က အောက်တိုဘာ ၁၇ ရက်မှာ ကြေညာပါတယ်။

အောက်တိုဘာ ၉ ရက်က မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီရဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း ကလေးသူငယ် ၁၄ ယောက်အပါအဝင် အနည်းဆုံး ၂၉ ယောက် သေဆုံးခဲ့ပြီး ၆၀ နီးပါး ဒဏ်ရာရခဲ့တာပါ။

ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး HRW က  မျက်မြင်သက်သေ ၅ ယောက်ကို မေးမြန်း အင်တာဗျူးလုပ်ခဲ့ပြီး တိုက်ခိုက်မှုအပြီး မြင်တွေ့ရတဲ့ ဓာတ်ပုံ ၂၀ နဲ့ ရုပ်သံဗီဒီယို ၃ ခုကို စိစစ်ကြည့်ရာမှာ  မြန်မာစစ်တပ်ဟာ ကျေးရွာပေါ်ကို အရင်လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်ကနေ စိန်ပြောင်း ဒါမှမဟုတ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သုံးသပ်ထားပါတယ်။

ကနဦးတိုက်ခိုက်ခံရတဲ့နေရာမှာ မြင်တွေ့ရတဲ့ အပျက်အစီးအပိုင်းအစတွေဟာ လေယာဉ်ကနေကြဲချခဲ့ ကြီးမားပြင်းထန်တဲ့ ဗုံးတွေ ပေါက်ကွဲမှုကြောင့်ဖြစ်ကြောင်းနဲ့ တိုက်ခိုက်ခံရတဲ့ ကျေးရွာနားမှာ လက်နက်ကိုင်အဖွဲ့တွေ ရှိနေတဲ့ သက်သေ အထောက်အထားမတွေ့ရဘူးလို့လည်း HRW က ပြောပါတယ်။

HRW အဖွဲ့က မြန်မာသုတေသီတယောက်ဖြစ်တဲ့ မန်နီမောင်က “စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြည့်နှက်နေတဲ့ ကျေးရွာတွေကို မြန်မာစစ်တပ်က အကြိမ်ကြိမ် တိုက်ခိုက်မှုတွေနဲ့ ပစ်ခတ်မှုတွေက ဥပဒေမဲ့ တမင်သက်သက် ကျူးလွန်တာ၊ ဒါမှမဟုတ် ခွဲခြားဆက်ဆံ တာပဲ။ "သက်ဆိုင်ရာအစိုးရတွေက အရပ်သားပြည်သူတွေရဲ့ ဘဝတွေအတွက် ခုလို မဆင်မခြင် လျစ်လျူရှုမှုကို ရှုတ်ချရုံသာမက မြန်မာစစ်တပ်က အနာဂတ်မှာ ချိုးဖောက်မှုတွေ ထပ်ပြီးတော့ မကျူးလွန်မိစေဖို့လည်း အဓိပ္ပါယ်ရှိပြီးတော့ ခိုင်မာတဲ့ အရေးယူမှု တွေ ပြုလုပ်သင့်တယ်။” လို့ ပြောပါတယ်။

မုန်လိုင်ခက်စခန်းဟာ ကေအိုင်အေ ဌာနချုပ်တည်ရှိရာ တရုတ်နိုင်ငံနယ်စပ်အနီးက လိုင်ဇာမြို့နဲ့ ၅ ကီလိုမီတာ အကွာမှာ တည်ရှိနေတာပါ။

၂၀၁၁ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားချိန်မှာတော့ အသစ်ပြန်လည်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် လီဆူ တိုင်းရင်းသားတွေ အဓိကနေထိုင်ရာ မုန်လိုင်ခက်ရွာဟာ ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေကို လက်ခံထားတဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်း ဖြစ်လာခဲ့ပါတယ်။

မုန်လိုင်ခက် ဒေသခံတယောက်ကတော့ ကေအိုင်အေအဖွဲ့က လိုင်ဇာမှာ ရှိနေပေမဲ့ ည မထွက်ရအမိန့်ကြောင့် ရွာထဲမှာ ကေအိုင်အေဘက်က မရှိသလို အခင်းဖြစ်ပွားတဲ့ ကျေး ရွာအနီးမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားတာမျိုး မရှိခဲ့ဘူးလို့ HRW ကို ပြောပါတယ်။

“ပထမဆုံး ပေါက်ကွဲမှုက အကျယ်ဆုံးပဲ။ လိုင်ဇာမှာလည်း တုန်ခါသွားတာပဲ။ အဲဒီ နောက်တော့ ပေါက်ကွဲသံ အသေးတွေ ဆက်ပြီးတော့ ကြားရတယ်။”

HRW က တွေ့ဆုံမေးမြန်းခဲ့တဲ့ မျက်မြင်သက်သေတွေကတော့ ပထမပေါက်ကွဲသံကြောင့် ည ၁၁ နာရီခွဲလောက်မှာ လန့်နိုးခဲ့တယ်လို့ ပြောပြီး အဲဒီနောက် အနည်းဆုံး ပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် မိသားစုဝင် ၆ ယောက်လုံး သေဆုံးခဲ့ရတဲ့အပြင် မိသားစုဝင်တွေ အားလုံးသေဆုံးသွားပြီး အသက် ၃ နှစ်နဲ့ ၁ လသားအရွယ် ကလေးငယ် သာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ သေဆုံးသူ တွေထဲမှာတော့ အမျိုးသမီး ၁၀ ယောက်၊ ၁၈ နှစ်အောက် မိန်းကလေး ၁၀ ယောက်၊ အမျိုးသား ၇ ယောက်နဲ့ ၃ နှစ်သားတယောက်လည်း ပါဝင်နေတယ်လို့ HRW က ပြော ပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်တပ်က တိုက်ခိုက်တာ မဟုတ်ကြောင်းနဲ့ မုန်လိုင်ခက်အနီး ကေအိုင်အေသင်တန်းကျောင်းက အမိုနီယမ်နိုက်ထရိတ် (ယမ်း) သိုလှောင်ရုံ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ပြောထားပါတယ်။

မြန်မာစစ်တပ်ဟာ စစ်ဥပဒေတွေကို ချိုးဖောက်ပြီး လူနေထူထပ်တဲ့ အရပ်သားတွေ နေထိုင်ရာ နေရာတွေကို လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်မှု ပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း စစ်ကိုင်းတိုင်းထဲမှာ သာမိုဘာရစ်ဗုံး အသုံးပြုကာ လေကြောင်း ကနေ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၆၀ ထက်မနည်း သေဆုံးခဲ့ ပါတယ်။

ပဋိပက္ခတွေကို စောင့်ကြည့် အချက်အလက်စုဆောင်းထားတဲ့ Armed Conflict Location and Event Data Project (ACLED) ဆိုတဲ့ အဖွဲ့ကတော့ မြန်မာနိုင်ငံတွင်း လေကြောင်းတိုက်ခိုက်မှုတွေဟာ အခုနှစ် ဖေဖော်ဝါရီလက စတင်ပြီးတော့ လစဉ်တိုး လာနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ တခြားအဖွဲ့တွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှု ပိတ်ဆို့ဖို့နဲ့ သူတို့ရဲ့ လေကြောင်းလောင်စာ ဆီဖြတ်တောက်ရေး လုပ်ဆောင်မှုတွေအပြင် စစ်တပ်ရဲ့ ၀င်ငွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်သင့်တယ်လို့ ထပ်ခါတလဲလဲ ပြောဆိုခဲ့ကြတာပါ။

ဒါကြောင့်မို့ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျင့်သုံး ဖို့အတွက် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သင့်ပြီး လုံခြုံရေးကောင်စီကို ကမ္ဘာနဲ့ အဝှမ်း လိုက်လျောညီထွေဖြစ်စေဖို့ ဖိအားပေးသင့်တယ်လို့လည်း HRW က ပြောလိုက် ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013