Home
မြန်မာသတင်း
ပွင့်ဖြူ၊ ပေါက်၊ နွားထိုးကြီးနှင့် ဝေါမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
October 17, 2023

မကွေးတိုင်း၊ ပွင့်ဖြူမြို့မှာ အောက်တိုဘာ ၁၅ ရက် မနက်က မြို့မရဲစခန်း၊ EPC ရုံးနဲ့ အခွန်ရုံးတွေ တိုက်ခိုက်ခံရပြီး မြို့နယ်မှူး အပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းကနေ သိရပါတယ်။

အောက်တိုဘာ ၁၅ ရက် မနက် ၈ နာရီ ၂၀ မိနစ်လောက်က ပွင့်ဖြူမြို့မရဲစခန်းကို ၄၀ မမ ၂ လုံး၊ EPC ရုံးကို ၄၀ မမ ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို အခွန်ဦးစီးရုံးကိုလည်း အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း-၄ ရဲ့ တပ်ရင်းမှူးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ လျှပ်စစ်ရုံးက ဝန်ထမ်း ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရဲစခန်းကို တိုက်ခိုက်တာကတော့ စစ်ကောင်စီတပ်ဖွဲ့ ဖြစ်နေလို့ တိုက်ခိုက်တာဖြစ်ကြောင်း၊ EPC ရုံးကတော့ လွန်ခဲ့တဲ့ ၂ လလောက်က မီတာစာရေးတယောက် မီတာခ ငွေကျပ်သိန်း ၄၀၀ ကျော် ယူပြီး ထွက်ပြေးသွားတာကို မီတာဆောင်ပြီးသား ပြည်သူတွေဆီက မီတာခ ထပ်ကောက်တာကြောင့် ဖြစ်ကြောင်း၊ အခွန်ရုံးကို တိုက်ခိုက်ခဲ့တာကတော့ ပြီးခဲတဲ့ ၂၀၂၂ နှစ် Happy New Year မှာ အခွန်ရုံးဗုံးကွဲတာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းကို တရားစွဲဆိုတာကြောင့် တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ရဲတွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း ပေါက်မြို့နယ်မှာလည်း အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

ပေါက်မြို့နယ် စသိန်းရွာထဲကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီလောက်က ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ကြိုတင်သတင်းရယူကာ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၂ လုံးဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ တပ်ရင်း (၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

စစ်တပ်နဲ့ ပျူစောထီးတွေရှိတဲ့နေရာကို သတင်းအတိကျစုံစမ်းပြီးမှ တိုက်ခိုက်ခဲ့တာကြောင့် ပစ်မှတ်ကို ထိရောက်စွာ ပစ်ချနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တပ်သားတွေနဲ့ ပျူစောထီးတွေ အခိုင်မာတပ်စွဲထားတဲ့ ရွှေဘုံသာကျေးရွာက ပျူစောထီး နေအိမ်တွေနဲ့ စစ်ဆေးရေးဂိတ်တွေကိုလည်း မနက် ၉ နာရီလောက်က အီနာဂါဗုံးသီး ၁၂ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အထိနာသွားကာ အော်ဟစ်ဆဲဆိုထွက်ပြေးပြီး ရမ်းကားပစ်ခတ်ခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို မြိုင်ပကဖ တပ်ရင်း (၁) နဲ့ ပေါက် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက် ညက စစ်ကောင်စီကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့-MBT ကနေ သိရပါတယ်။

နွားထိုးကြီးမြို့ကနေ မြင်းခြံမြို့ကို ပြန်လာတဲ့ စစ်ကောင်စီကား ၂ စီးကို အောက်တိုဘာ ၁၅ ရက် ည ၈ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့ကာ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်ပြီး မြင်းခြံမြို့ဘက်ကို ထွက်သွားကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို MBT တပ်ဖွဲ့၊ မန္တလေးခရိုင် တပ်ရင်း-၃ နဲ့ နွားထိုးကြီး PDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

MBT တပ်ဖွဲ့အနေနဲ့ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာလည်း အောက်တိုဘာ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၄၀ လောက် သေဆုံးကာ PDF ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့-MBT ကနေ သိရပါတယ်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာလည်း  အုတ်ဖို (၁) ကျေးရွာ၊ ကမ်းနားဆိပ် ဇရပ်မှာ သဲအိတ်ဘန်ကာဆောက်လုပ်ပြီး ရေကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့မှ စနိုက်ပါနဲ့ပစ်ခံရလို့ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၆ ရက် မနက် ၁၁ နာရီလောက်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီအဖွဲ့၀င် ၄ ဦးကို စနိုက်ပါနဲ့ပစ်ခတ်ရာ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)၊ ၃၇၀၂ တပ်ခွဲ ၄ ပူးပေါင်းအဖွဲ့ က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာ နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024