
ကျန်းမာရေးအခြေအနေကြောင့် အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရလို့ နယ်လှည့်ဖျော်ဖြေပွဲတွေ ရပ်ဆိုင်းထားခဲ့ရတဲ့ ကမ္ဘာကျော် ပေါ့ပ်ဘုရင်မ မက်ဒေါနားရဲ့ The Celebration Tour ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ရက်က ပြန်လည်စတင်လိုက်ပြီဖြစ်ပါတယ်။
အသက် ၆၅ နှစ်အရွယ် ဂရမ်မီဆုရှင် အဆိုတော်ဟာ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းက ဘက် တီးရီးယားပိုးကူးစက်ခံရပြီး အတော်စိုးရိမ်ရတဲ့အဆင့်ထိ ရောက်ခဲ့ကာ အထူးကြပ်မတ် ကုသဆောင်ထဲမှာ ရက်ပိုင်းလောက် နေခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ သူ့ရဲ့ The Celebration Tour ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်ကို အစက ဇူလိုင် ၁၅ ရက်မှာ စတင်ဖို့လျာထားခဲ့ရာကနေ အခုမှ စတင်နိုင်ခဲ့တာဖြစ်ပြီးတော့ လာမယ့် ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဆက်တိုက်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။
လန်ဒန်မြို့က O2 Arena မှာ ပွဲဦးထွက်ကျင်းပခဲ့တဲ့ ပထမနေ့ ဖျော်ဖြေပွဲမှာတော့ ပေါ့ပ် ဘုရင်မ မက်ဒေါနားဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေဆီကတည်းက ဆယ်စုနှစ် ၄ ခုစာ လောက် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ သူ့ရဲ့ နာမည်ကျော်သီချင်းအပုဒ်ရေ ၄၀ ကျော်လောက်ကို အမိုက်စား အလန်းစား ဆက်တင်တွေနဲ့ တင်ဆက်ခဲ့တာကို တွေ့ရပါတယ်။
ရုပ်ရှင်အနုပညာဘက်မှာရော တေးဂီတဘက်မှာပါ ထင်ရှားတဲ့ မက်ဒေါနားရဲ့ The Celebration Tour ဂီတဖျော်ဖြေပွဲဟာ သူ့ရဲ့ ၁၂ ခုမြောက် ကျင်းပတဲ့ ပွဲဖြစ်ပြီးတော့ ပထမဆုံး နယ်လှည့်ဂီတဖျော်ဖြေပွဲကိုတော့ The Virgin Tour အမည်နဲ့ ၁၉၈၅ ခုနှစ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။










