DVB Logo
Home
မြန်မာသတင်း
ဒေါ်လာနှင့် ရွှေဈေး အနည်းငယ် ပြန်ကျလာ
DVB
·
October 16, 2023
ဒေါ်လာနှင့် ရွှေဈေး အနည်းငယ် ပြန်ကျလာ
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်ပဈေးကွက်မှာ ရွှေဈေးနဲ့ အမေရိကန်ဒေါ်လာ ငွေဈေး ဆက်တိုက် ပြန်တက်ခဲ့ပေမဲ့ အောက်တိုဘာ ၁၆ ရက် ဒီနေ့မနက်ပိုင်းမှာတော့ အနည်းငယ် ပြန်ကျဆင်းလာပါတယ်။

ပြည်တွင်းရွှေဈေးက ကျပ် ၃၄ သိန်းဝန်ကျင်မှာ ငြိမ်နေရာကနေ အောက်တိုဘာလလယ်လောက်မှာ စတင်လှုပ်ခတ်လာပြီး ပြီးခဲ့တဲ့သောကြာနေ့ ဈေးကွက် ပိတ်ချိန်မှာတော့ ၃၄ သိန်း ၈ သောင်းဝန်းကျင်ထိ မြင့်တက် ရောက်ရှိခဲ့ပါတယ်။

ဒီကနေ့မှာတော့ ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာငွေဈေးတို့နဲ့အတူ ပြင်ပရွှေဈေး ပြန်ဆင်းလာပြီး ၃၄ သိန်းနဲ့ ၄ သောင်းဝန်းကျင်ကို ပြန်ရောက်ရှိလာတာပါ။

ရန်ကုန်မြို့မှ ရွှေလုပ်ငန်းရှင်တဦးက “အဲဒါက ကမ္ဘာ့ရွှေဈေး နည်းနည်းပြန်ကျသွားတယ်။ ဒေါ်လာဈေးလည်း နည်းနည်းလေး ပြန်ကျပါတယ်။ အဲဒါကြောင့် ရွှေဈေးပြန်ကျတာပါ” လို့ ပြောပါတယ်။

အလားတူ အမေရိကန်ဒေါ်လာငွေလဲနှုန်းကလည်း ပြန်ကျဆင်းလာပြီး ဒီကနေ့မှာ ဝယ်ဈေး ၃,၂၇၀ ကျပ်၊ ရောင်းဈေး ၃,၃၂၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

“ဒေါ်လာဈေးက ပြန်ကျတယ်။ ရောင်းရင်လည်း ကောင်တာတွေက ရောင်းဈေးနဲ့ ဝယ်ဈေးကို တော်တော်ခွာပြီး ဝယ်ကြတယ်” လို့ ဒေါ်လာရောင်းချခဲ့သူတဦးက ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းကလည်း ပြီးခဲ့တဲ့ သောကြာနေ့က တအောင်စကို ၁,၉၃၃ ဒေါ်လာထိ ရုတ်တရုတ် ထိုးတက်ခဲ့ပြီး ဒီကနေ့မှာ ၁,၉၁၉ ဒေါ်လာကို ပြန်ကျဆင်းလာပါတယ်။

ပြင်ပရွှေဈေးကို ကမ္ဘာ့ရွှေဈေးနဲ့ ပြင်ပဒေါ်လာငွေလဲနှုန်းအပေါ်မှာ မူတည်ပြီး တွက်ချက်တာ ဖြစ်လို့ ကမ္ဘာရွှေဈေး၊ ပြည်တွင်းဒေါ်လာဈေးအကျနဲ့အတူ ပြည်တွင်းရွှေဈေးလည်း အနည်းငယ် လိုက်ပါကျဆင်းလာတာပါ။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ အောက်တိုဘာ ၁၆ ရက် ရွှေအဖွင့်ဈေးကတော့ တကျပ်သားကို ကျပ် သိန်း ၃၀ ကျော် သတ်မှတ်ထားပါတယ်။

ရန်ကုန်ရွှေအသင်းက ဗဟိုဘဏ်ရဲ့ အွန်လိုင်းဈေးကွက်မှာ ဘဏ်တွေအကြား အရောင်းအဝယ်ဖြစ်တဲ့ ဒေါ်လာပေါက်ဈေးနဲ့ တွက်ချက်ပြီး ရွှေဈေးနှုန်းကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013