DVB Logo
Home
နိုင်ငံတကာ
အစ္စရေး လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာတွင် သေဆုံးသူပေါင်း ၂,၆၀၀ ကျော်ရှိလာ
DVB
·
October 16, 2023
အစ္စရေး လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာတွင် သေဆုံးသူပေါင်း ၂,၆၀၀ ကျော်ရှိလာ
Donate to DVB

အစ္စရေးက ဟားမတ်စ်တွေကို  သီတင်းတပတ်ကြာ မကြုံစဘူး လက်တုံ့ပြန် လေကြောင်းတိုက်ခိုက်နေလို့ အောက်တိုဘာ ၁၆ ရက် မွန်းတည့်ချိန်အထိ  ပါလက်စတိုင်းတွေနေထိုင်တဲ့ ဂါဇာမှာ လူပေါင်း ၂,၆၀၀ ကျော် သေဆုံးခဲ့ပါတယ်။

မှောင်မိုက်နေတဲ့ ဂါဇာမြို့ရဲ့ ကောင်းကင်ယံမှာ အောက်တိုဘာ ၁၆ ရက် မနက်အစောပိုင်းက မီးတောက်တွေနဲ့ လင်းထိန်နေတာကို မြင်တွေ့ရပါတယ်။

လူနေထူထပ်တဲ့ ပါလက်စတိုင်းနယ်မြေထဲကို အစ္စရေးက မြေပြင်ထိုးစစ် ဆင်လာမှာကို စိုးရိမ်နေတဲ့ကြားက ဂါဇာကမ်းမြောင်ဒေသက အီဂျစ်ထိန်းချုပ်ထားတဲ့ နယ်စပ်ဖြတ်ကျော်ရေး စခန်းကို ပြန်ဖွင့်ပေးဖို့ မျှော်လင့်ခံထားရပါတယ်။

ဟားမတ်စ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း အကူအညီတွေ ရယူဖို့ သံတမန်နည်းအရ ကြိုးစားနေဆဲပါ။

လူပေါင်း ၂ သန်းကျော် နေထိုင်တဲ့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတပ်တွေက ဝိုင်းရံထားပြီး ပင်ပန်းနွမ်းနယ်နေတဲ့ ဂါဇာမြို့သားတွေ တောင်ဘက်ကို ရွှေ့ပြောင်းဖို့ အစ္စရေးက တိုက်တွန်းထားပါတယ်။

သိန်းနဲ့ချီတဲ့ ဂါဇာမြို့သားတွေကတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းပြီးကြပါပြီ။ ဂါဇာကို စီမံအုပ်ချုပ်နေတဲ့ ဟားမတ်စ်က အစ္စရေးရဲ့ သတိပေးချက်ကို လျစ်လျူရှုဖို့ လူတွေကို ပြောထားပါတယ်။

ဟားမတ်စ် စစ်သွေးကြွအဖွဲ့ရဲ့ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုအပြီး အစ္စရေးမှာလည်း လူပေါင်း ၁,၄၀၀ သေဆုံးခဲ့တာပါ။ အစ္စရေး ကာကွယ်ရေးတပ် IDF က ဟားမတ်စ်နဲ့ စစ်ပွဲရဲ့ နောက်ထပ်အဆင့်အတွက် ပြင်ဆင်နေပါတယ်။

အစ္စရေးက ဟားမတ်စ် ထိန်းချုပ်နယ်မြေနဲ့ နယ်စပ်မှာ တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ အများအပြား စုဆောင်းနေပါတယ်။

ဟားမတ်စ်အဖွဲ့ခေါင်းဆောင်နဲ့ တည်ထောင်သူဟောင်း ခါလစ်မာရှယ်လ်ကတော့ ကမ္ဘာတဝန်းလုံးမှာ ဘာသာရေးစစ်ပွဲတွေ ဆင်နွှဲဖို့နဲ့ အစ္စရေးပြည်သူတွေကို ပစ်မှတ်ထားဖို့ ကမ္ဘာတဝန်းက မွတ်စလင်တွေကို အောက်တိုဘာ ၁၃ ရက်မှာ တောင်းဆိုခဲ့ပါတယ်။ မာရှယ်ရဲ့ အကြမ်းဖက်မှုဆိုင်ရာ ဆော်ဩချက် ဗီဒီယိုကို ယူကျုမှာ လွှင့်တင်ခဲ့တာပါ။

အယ်လ်အက်ဆာ ရေလွှမ်းမိုးမှုလို့ နာမည်ပေးထားတဲ့ ဟားမတ်စ်တို့ရဲ့ ထိုးစစ်ဟာ “ဇီယွန်ဝါဒီတွေနဲ့ အမေရိကဆီ အမျက်ဒေါသ သတင်းစကား ပေးပို့လိမ့်မယ်” လို့လည်း သူက ပြောခဲ့ပါတယ်၊

“ရန်ပုံငွေတွေက အရေးကြီးပေမဲ့ ဒီနေ့ ကျနော်တို့က ခင်ဗျားတို့ရဲ့သွေးနဲ့ ဝိညာဉ်တွေကို ပါလက်စတိုင်းအတွက် စတေးခံဖို့ တောင်းနေကြတာ” လို့ မာရှယ်က ပြောရင်း နိဂုံးချုပ်ပါတယ်။

ဩစတြေးလျ အပါအဝင် ကမ္ဘာတလွှားမှာ ဟားမတ်စ်တွေကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဆစ်ဒနီမြို့က အော်ပရာပြဇာတ်ရုံနားမှာ တနင်္လာနေ့က စုရုံးခဲ့တဲ့ ပါလက်စတိုင်းလိုလားသူ မွတ်စလင်လူများစု ဆန္ဒပြသူတွေက ဂျူးတွေကို အဆိပ်ဓာတ်ငွေ့နဲ့ ရှင်းပစ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ အာရှ အနောက်တောင်ပိုင်းက ဆီမိုက် မျိုးနွယ်စုဝင် ဂျူး၊ အာရပ်၊ ပါလက်စတိုင်း၊ အက်ဆီးရီးယန်း၊ အက်ခါးဒီးယန်း၊ ဘေဘီလွန်းနီးယား၊ ပိုလီနီရှန်းနဲ့ ခေနာနိုက် လူမျိုးတွေကို မုန်းတီးမှု၊ လိင်ပြောင်းနဲ့ လိင်တူစုံမက်သူတွေကို မုန်းတီးမှုတွေကို ရှုတ်ချတယ်လို့ အောက်တိုဘာ ၁၅ ရက်က ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013