
ယီမင်နိုင်ငံထဲက ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ တိုးပွားလာနေချိန်မှာ ပါကစ္စတန်နဲ့ တူရကီတို့က “မက္ကာ ကာကွယ်ရေးမဟာမိတ်အဖွဲ့” အရ သူတို့ရဲ့ ကတိကဝတ်တွေအတိုင်း ဆော်ဒီအာရေဗျနိုင်ငံမှာ စစ်ရေးတပ်ဖွဲ့တွေနဲ့ စွမ်းရည်တွေကို ပံ့ပိုးပေးသွားမှာဖြစ်ပြီး အမြန်တပ်ချထားနိုင်ရေး ဆောင်ရွက်သွားမယ်လို့ နိုင်ငံသုံးနိုင်ငံက အောက်တိုဘာ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ ရင်ဆိုင်နေရတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မက္ကာမဟာမိတ်အဖွဲ့ရဲ့ မဟာဗျူဟာမြောက် နိုင်ငံရေးနဲ့ ကာကွယ်ရေးကော်မတီ အရေးပေါ် အစည်းအဝေးကို ဆော်ဒီမြို့တော် ရီယာ့ဒ်မှာ လုပ်အပြီး ခုဆုံးဖြတ်ချက်ကို ကြေညာခဲ့တာလို့ ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ ပူးတွဲကြေညာချက်အတွင်း ဖော်ပြထားပါတယ်။
မက္ကာနဲ့ မေဒီနာမြို့တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ကြိုးပမ်းချက်တွေအပြင် ဆော်ဒီအာရေဗျနိုင်ငံက မြို့ကြီးတွေ၊ အရပ်သားတွေနဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ ဆက်တိုက် တိုက်ခိုက်မှုတွေကို နိုင်ငံသုံးနိုင်ငံစလုံးက အပြင်းအထန် ရှုတ်ချတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
သဘောတူစာချုပ်မှာပါတဲ့ နိုင်ငံတနိုင်ငံချင်းစီရဲ့ လုံခြုံရေးက နိုင်ငံသုံးနိုင်ငံရဲ့ စုပေါင်းလုံခြုံရေးထဲမှာ မရှိမဖြစ် အစိတ်အပိုင်းတခု ဖြစ်တယ်လို့ သူတို့က အတည်ပြုပြောခဲ့ပြီး “မက္ကာ ပူးတွဲကာကွယ်ရေး သဘောတူညီချက်” ကို လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေအဖြစ် ပြောင်းလဲ အကောင်အထည်ဖော်ခြင်းက တားဆီးကာကွယ်နိုင်စွမ်း၊ စစ်ရေးအရ အသင့်ရှိနေမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတို့ကို ပိုမိုအားကောင်းလာစေမယ်လို့လည်း ထပ်လောင်း ဖော်ပြပါတယ်။
ဟူသီအဖွဲ့ဟာ ဇူလိုင်လမှာ ဆော်ဒီသင်္ဘောတွေ သွားလာမှုကို ပိတ်ပင်ကြောင်း ကြေညာခဲ့ပြီး အဲဒီအချိန်ကစလို့ ဆော်ဒီရေနံတင်သင်္ဘောတွေနဲ့ ဆော်ဒီနိုင်ငံထဲက ရေနံလုပ်ငန်းဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပါတယ်။
ဆော်ဒီအာရေဗျ၊ ပါကစ္စတန်နဲ့ တူရကီတို့က မက္ကာ ပူးတွဲကာကွယ်ရေး သဘောတူညီချက်ကို ဩဂုတ် ၇ ရက်မှာ ဆော်ဒီနိုင်ငံ မက္ကာမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြပြီး သဘောတူညီချက်ထဲမှာ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ တနိုင်ငံကို တိုက်ခိုက်ခြင်းဟာ နိုင်ငံအားလုံးကို တိုက်ခိုက်ခြင်းအဖြစ် သတ်မှတ်မယ်လို့ ပြဋ္ဌာန်းထားပါတယ်။
Source: Reuters











