DVB Logo
Home
မြန်မာသတင်း
ရွှေပြည်သာတွင် ဥရောပနိုင်ငံများမှ ပလတ်စတစ်စွန့်ပစ်အမှိုက်များ တွေ့ရှိ
DVB
·
October 16, 2023
ရွှေပြည်သာတွင် ဥရောပနိုင်ငံများမှ ပလတ်စတစ်စွန့်ပစ်အမှိုက်များ တွေ့ရှိ
Donate to DVB

လက်လုပ်လက်စားတွေ အများစု နေထိုင်ရာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ထဲမှာ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေဟာ အမြင့် ၁ မီတာလောက်အထိ စုပုံနေတာကိုတွေ့ရှိရပြီး ဒီအမှိုက်တွေဟာ အနောက်ဥရောပနိုင်ငံတွေက စွန့်ပစ်အမှိုက်တွေဖြစ်တယ်လို့  မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအရသိရတဲ့အကြောင်း AFP သတင်းမှာဖော်ပြပါတယ်။

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် Statista သုတေသနအဖွဲ့ရဲ့ အဆိုအရ ဂျာမနီ၊ ယူကေနဲ့ အီတလီစတဲ့ အနောက်ဉရောပနိုင်ငံတွေဟာ ကမ္ဘာ့ပလတ်စတစ်အမှိုက် ထုတ်လုပ်မှု အများဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေတာပါ။

ရွှေပြည်သာမြို့နယ်အနီးတဝိုက်မှာတော့ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက လယ် ကွင်းပြင်တွေထဲ ညစ်ညမ်းစေတဲ့ အမှိုက်တွေ ပြည့်နှက်နေပြီး မိုးရာသီမှာ ရေမြောင်းတွေ ပိတ်ဆို့စေတာနဲ့ မီးဘေး အန္တရာယ်ဖြစ်စေနိုင်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေပြည်သာ ဒေသခံတယောက်ကတော့ “အရင်တုန်းက မိုးရာသီဆိုရင် ဒီကွင်းထဲက ပေါက်နေတဲ့ ရေမုန်ညင်းတွေ စားဖို့ ခူးနိုင်ခဲ့သေးတယ်။ ခုကတော့ ပလတ်စတစ်အမှိုက်တွေကြောင့် စားဖို့မတွေ့ရတော့ဘူး။ အဲဒီအစား အနံ့အသက်တွေ ရလာတယ်” လို့ ပြောပါတယ်။

Lighthouse Reports နဲ့ မိတ်ဘက်အဖွဲ့အစည်း ၆ ခုတို့ကခု သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတခုမှာတော့ အဆိုပါနေရာမှာ စွန့်ပစ်ခဲ့တဲ့ အမှိုက်တချို့က အနောက်နိုင်ငံတွေက လာတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာတော့ ပြင်သစ်ကုမ္ပဏီ Danone yoghurt ရဲ့  ဒိန်ချဉ်စွန့်ပစ်ဘူးခွံတွေ၊ ပိုလန်ကုမ္ပဏီ Spomlek ရဲ့ ဒိန်ခဲထုပ်ပိုးတဲ့ပလတ်စတစ်အမှိုက်တွေ၊ ဂျာမနီပိုင် UK စူပါမားကက် Lidl တို့ရဲ့  စွန့်ပစ်အမှိုက်တွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါတွေ ထုတ်လုပ်မှုအားလုံးရဲ့ မူလရင်းမြစ်က မြန်မာနိုင်ငံ မဟုတ်ဘဲ ခုလို အဆုံးသတ်ရတာက သန့်ရှင်းပြီး ပြန်လည်အသုံးပြုဖို့ အဆင်သင့်မဖြစ်ရင် ပလတ်စတစ် တင်သွင်းခွင့်ကို တားမြစ်ထားတဲ့ ဉပဒေကို ချိုးဖောက်တာဖြစ်ပြီး ပြည်တွင်း စက်ရုံအများအပြားကတော့ သူတို့ မလုပ်ဆောင်နိုင်တဲ့ အမှိုက်တွေကို မကြာခဏ စွန့်ပစ်တာ၊ ဒါမှမဟုတ် မီးရှို့လိုက်ကြတာဖြစ်လို့ Lighthouse Reports က ဖော်ပြပါတယ်။

ဒီစွန့်ပစ်အမှိုက်တွေ မြန်မာနိုင်ငံထဲကို ဘယ်လို ဝင်ရောက်လာသလဲ၊ အရေအတွက် ဘယ် လောက်များများ ရှိနေနိုင်မလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘဲ ထိုင်းနိုင်ငံက တရားမဝင် ပလတ်စတစ်တင်သွင်းမှုမှာ အဓိက ပါဝင်နေနိုင်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အချက်အလက်အရ မြန်မာနိုင်ငံရဲ့ စွန့်ပစ်ပလတ်စတစ်အမှိုက် အများစုက ထိုင်းကနေ တင်သွင်းလာတာလို့ သိရပြီး ၂၀၂၁ ခုနှစ်မှာ တန်ချိန် ၇,၅၀၀ နီးပါး ထိ ဝင်ရောက်လာခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ကီလိုမီတာ ၂,၄၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနဲ့ မြန်မာနယ်စပ်မျဉ်း တလျှောက်  တရားမဝင် မှောင်ခိုတင်သွင်းမှုတွေ အလွန်တရာ စိမ့်ဝင်နေပြီး နယ်စပ် ၂ ဘက်စလုံးက တာဝန်ရှိသူတွေကလည်း ရောက်ရှိလာတဲ့ အမှိုက်တွေကိစ္စကို  စုံစမ်းစစ်ဆေးမှု  အနည်းငယ်သာ လုပ်ဆောင်ခဲ့တယ်လို့ Lighthouse Reports က ပြောပါတယ်။

ခုလို ပလတ်စတစ်စွန့်ပစ်အမှိုက်တွေ တွေ့ရှိရတယ်ဆိုတဲ့ ကုမ္ပဏီအများအပြားကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ခဲ့ပေမယ့် တယောက်မှ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ချမ်းသာတဲ့ စက်မှုနိုင်ငံတွေကနေ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေသာမက၊ လူတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့  ဓာတုစွန့်ပစ်ပစ္စည်းတွေပါ ဆင်းရဲတဲ့နိုင်ငံတွေမှာ တရားမဝင် စွန့်ပစ်မှုတွေရှိနေတာ ဖြစ်ပါတယ်။ 

Ref: AFP

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013