
တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးမှာ မတ် ၂၅ ရက်က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ဆီက သိရပါတယ်။
မတ် ၂၅ ရက် ညနေ ၄ နာရီလောက်က ရမ်းဖိုရွာ၊ ဆီအုန်းကုန်းအနီး ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကင်းလှည့်လာတဲ့ တပ်သားတွေက မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးတလျှောက် စစ်ကားတွေဖြတ်ဖို့အတွက် လမ်းကင်းလာယူတဲ့ တပ်တွေပါ။ အဲအချိန်မှာ ကျနော်တို့တပ်ဖွဲ့တွေ ထိပ်တိုက်တိုးပြီး နှစ်ဖက်ပစ်ခတ်မှု ဖြစ်တာပါ။ စကစဘက်က မျက်မြင် ၃ ဦးသေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ တနင်္သာရီမြို့နယ်၊ စစ်ကောင်စီရဲ့ အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းနဲ့ ဇဝဲရွာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းက အင်အား ၁၀၀ ကျော်လောက် ရမ်းဖိုရွာဘက်ကို မတ် ၂၆ ရက်ကစပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
အခုလို ရမ်းဖိုရွာကို စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အထိနာပြီး နယ်မြေရှင်းဖို့အတွက် စစ်ကြောင်းထိုးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထဲမှာ ဗိုလ်ခရင်းတပ်ဖွဲ့နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLA) တို့ ပါဝင်တယ်လို့ သိရပါတယ်။










