DVB Logo
Home
မြန်မာသတင်း
လှည်းကူးတွင် ရေကြီးမှုကြောင့် အရေပြားရောဂါများ ဖြစ်ပွားနေပြီး ရိက္ခာနှင့်ဆေးဝါးများ လိုအပ်
DVB
·
October 16, 2023
လှည်းကူးတွင် ရေကြီးမှုကြောင့် အရေပြားရောဂါများ ဖြစ်ပွားနေပြီး ရိက္ခာနှင့်ဆေးဝါးများ လိုအပ်
Donate to DVB

ရန်ကုန်၊ လှည်းကူးမြို့နယ်မှာ အောက်တိုဘာ ၈ ရက်က စတင်တဲ့ ရေကြီးမှုတွေကြောင့် ရေဘေးသင့်ဦးရေ ၇,၄၀၀ ကျော်ရှိခဲ့ပြီး ရေထဲဆင်းမိထားတဲ့ နယ်ခံတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေမှာ ယားနာရောဂါတွေ အဖြစ်များနေတာ‌ကြောင့် ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။ 

ရေကြီးမှုတပတ်ကျော်လာတဲ့ အောက်တိုဘာ ၁၅ ရက်အထိ လှည်းကူးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်တွေမှာသာ ရေပြန်ကျပြီး ငမိုးရိပ်ချောင်းနဲ့ နီးစပ်တဲ့ ကျေးရွာတွေမှာ ရေထောက်နေတာကြောင့် ရေကျဆင်းမှု မရှိသေးပါဘူး။ 

လှည်းကူးမှာ တက်လာတဲ့ ရေတွေဟာ ယားယံမှုတွေ ဖြစ်ပေါ်စေပြီး သန့်ရှင်းတဲ့ ချိုးရေနဲ့ ဆပ်ပြာတွေ မရှိတာကြောင့် ရေထဲအများဆုံးဆင်းရတဲ့ လူလတ်ပိုင်းအရွယ်တွေမှာ အရေပြားယားနာ ရောဂါတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ 

ရွှေမေတ္တာကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက “လှည်းကူးရေက ပိုယားတယ်၊ မျှော့လည်း ပိုပေါတယ်။ လောလောဆယ် ရွာတွေမှာ ယားနာတွေ ပေါက်နေတာ။ အဖြစ်များတာက ရေထဲဆင်းရတဲ့ လူလတ်ပိုင်းတွေ များတယ်၊ ကယ်ဆယ်ရေးအသင်းတွေမှာလည်း ဖြစ်တယ်။ ထမင်းထုပ်တို့၊ ပေါင်မုန့်တို့၊ ခေါက်ဆွဲခြောက်တို့ လိုတယ်၊ အဓိက ရေသန့်၊ ဓာတ်ဆားပါ လိုတယ်။ ဒီက ရေက ပဲခူးလို မဟုတ်ဘူး၊ ပဲခူးက ရေကျတာ မြန်တယ်။ ဒီမှာက ရေထောက်နေတဲ့ သဘောရှိတယ်။ ရေအနက်က တရွာနဲ့တရွာ မတူဘူး၊ တချို့ရွာမှာ ခြေမျက်စိလောက်ပဲ ရှိတော့တယ်။ ဆားတလင်းရွာမှာဆို အိမ်လေးတွေက ပြတင်းပေါက်လေးတွေပဲ ပေါ်တော့တယ်။ အဓိက‌‌တော့ ကြမ်းပြင်တွေ ရေစိုကုန်တာဆိုတော့ အမြင့်မရှိရင် နေဖို့မလွယ်ဘူး၊ ပစ္စည်းတွေ တင်ထားဖို့က မလွယ်ဘူး။ ရေးဘေးရှပ်တာတွေတော့ ရှိပါတယ်” လို့ ပြောပါတယ်။ 

ယားနာဖြစ်ပွားသူတွေကို ကယ်ဆယ်ရေးအသင်းတွေက ဆေးကုခွင့်မရှိတာကြောင့် ယားနာလိမ်းဆေး၊ အရက်ပြန်နဲ့ ပါရာစီတမောလို သောက်ဆေးတွေကိုသာ ပေးပြီး သက်သာအောင် လုပ်ပေးနေရတယ်လို့ သိရပါတယ်။ 

သန့်ရှင်းတဲ့ သောက်ရေ၊ ချိုးရေ ရရှိဖို့ ရေကန်လှယ်ပေးတာ၊ ကလိုရင်း ခပ်ပေးတာတွေနဲ့ ရိက္ခာဝေခြင်းကို ရန်ကုန်မြို့ခံကယ်ဆယ်ရေးအသင်းတွေ၊ ကြက်ခြေနီ၊ မီးသတ်တွေနဲ့ လင်းလက်အသင်း၊ Happy Taxi မိသားစုနဲ့ ရွှေမေတ္တာအသင်းတို့က ပူးပေါင်းလုပ်‌ဆောင်ခဲ့ကြပြီး ရေဘေးသင့်နေသေးတဲ့ ရွာ ၂၀ ကျော်က အိမ်ထောင်စုတွေအတွက် စားနပ်ရိက္ခာခြောက်၊ ဆေးဝါး၊ အဝတ်အစားတွေ လိုအပ်နေပါတယ်။

မြို့ပေါ်ရပ်ကွက် ၅ ခုမှာ ရေအနက် ၁ ပေခန့်သာ ရှိတော့တာကြောင့် မြို့ပေါ်ရေဘေးစင်တာတွေရှိ အိမ်ထောင်စုတချို့ဟာ နေအိမ်သန့်ရှင်းရေးတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013