DVB Logo
Home
Lead Story
မြန်မာစစ်အုပ်စုကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများ၌ ဗီယက်နမ်၏ ကြံရာပါပတ်သက်မှု ပိုဆိုးလာနိုင်
DVB
·
September 4, 2026
Photo: Mytel
Photo: Mytel
Donate to DVB

စစ်အာဏာရှင် မင်းအောင်လှိုင်ကို တရားဝင်ခရီးစဉ် ဖိတ်ကြားခဲ့တဲ့ ဗီယက်နမ်အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ Justice For Myanmar က ရှုတ်ချလိုက်ပြီး မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ဗီယက်နမ်ရဲ့ ကြံရာပါပတ်သက်မှု ပိုမိုနက်ရှိုင်းလာမယ်လို့ သတိပေးလိုက်ပါတယ်။

စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ ဗီယက်နမ်နိုင်ငံကို သွားရောက်ဖို့ စီစဥ်ထားတဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာ ဆက်သွယ်ရေးလုပ်ငန်း၊ လေယာဉ်ဆီ၊ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ထောက်ပံ့တာနဲ့ စစ်ရေးလေ့ကျင့်မှုတွေ အပါအဝင် ဗီယက်နမ်နဲ့ မြန်မာစစ်တပ်တို့အကြား ကာလရှည်ကြာ တည်ရှိလာတဲ့ စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးတွေကို ဆက်လက်ခိုင်မာစေမယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်မှာ စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ် တက်ရောက်ဖို့ စီစဉ်ထားပြီး ဒီဖိုရမ်ဟာ ဗီယက်နမ် စီးပွားရေးလုပ်ငန်းတွေကို စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်စေမှု ပိုမိုနက်ရှိုင်းစေမယ်လို့ ထောက်ပြထားပါတယ်။

မင်းအောင်လှိုင်ကို နိုင်ငံ့ခေါင်းဆောင်တယောက်အဖြစ် လက်ခံကြိုဆိုတာ၊ တရားမဝင် အကြမ်းဖက် အကျင့်ပျက် ခြစားနေတဲ့ စစ်အုပ်စုနဲ့ စီးပွားရေး ဆက်လက်လုပ်ကိုင်တာတွေဟာ ဗီယက်နမ်အနေနဲ့ စစ်အုပ်စုထံ  ငွေကြေးတွေ စီးဆင်းစေဖို့ ကူညီရာရောက်တယ်လို့ Justice For Myanmar က ပြောပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တရားမဝင်စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှုပေးအပ်ဖို့ ဗီယက်နမ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ စီးပွားရေး ပတ်သက်မှုတွေကတဆင့် စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေမှုကို ပိုမိုနက်ရှိုင်းလာအောင် လုပ်ဆောင်နေမှုတွေအပေါ် Justice For Myanmar က ရှုတ်ချပါတယ်။ Mytel မှတဆင့် ဗီယက်နမ်က ပေးအပ်နေတဲ့ ဝင်ငွေတွေ၊ နည်းပညာနဲ့ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ အထောက်အပံ့တွေက မြန်မာစစ်တပ် လက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကူညီပေးနေတာ ဖြစ်ပါတယ်။ အရပ်သားတွေကို သတ်ဖြတ်နေတဲ့၊ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှဥ်းပန်းမှုတွေကို ကျူးလွန်နေတဲ့၊ လူအစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေကို ဖြစ်စေတဲ့၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေမှတဆင့် ဒေသတွင်းမတည်ငြိမ်မှုကို ဖြစ်ပေါ်စေတဲ့ စစ်အုပ်စုကို ကျောထောက်နောက်ခံပြု ထောက်ပံ့နေတာတွေကို ဗီယက်နမ်နိုင်ငံအနေနဲ့ ရပ်တန့်ရမှာ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဗီယက်နမ်ရဲ့ အကြီးဆုံး နိုင်ငံအဆင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဟာ Mytel  ဆက်သွယ်ရေးလုပ်ငန်း ဖြစ်ပြီး ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment၊ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာခရိုနီတွေအကြား ဖက်စပ်စီမံကိန်းတရပ် ဖြစ်ပါတယ်။

Mytel ဟာ မင်းအောင်လှိုင်က ကြီးကြပ်ကွပ်ကဲနေတဲ့ MEC အတွက် အကျိုးအမြတ် အလွန်များတဲ့ လုပ်ငန်းတရပ်ဖြစ်ပြီး မြန်မာစစ်တပ်ဟာ ဒီလုပ်ငန်းကနေ ၁၀ နှစ်အတွင်း အမြတ်ဝေစု အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

Mytel ဟာ မြန်မာစစ်တပ်အတွက် ငွေကြေးထောက်ပံ့မှုအပြင် မဟာဗျူဟာမြောက် စစ်ရေးနဲ့ သုံးစွဲတဲ့ ပြည်သူတွေကို တဦးချင်း ခြေရာခံ စောင့်ကြည့်ထောက်လှမ်းဖို့အတွက်  အထောက်အကူပြုပေးနေတယ်လို့ ဆိုပါတယ်။

ဒီစနစ်ကနေ စစ်အုပ်စုအတွက် နိုင်ငံတဝန်းရှိ လူ့အခွင့်အရေးကာကွယ်သူတွေ၊ သတင်းသမားတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ခြေရာခံရှာဖွေတာ၊ ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်းတာနဲ့ သတ်ဖြတ်တာတွေ လုပ်နိုင်ဖို့ လုပ်နိုင်စွမ်းမြှင့်တင်ပေးနေတယ်လို့ ဆိုပါတယ်။

ဗီယက်နမ်ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာ ပတ်သက်ဆက်နွှယ်နေပြီး အရပ်သားပြည်သူတွေနဲ့ ပြည်သူပိုင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အသက်ဆက်ပေးနေတယ်လို့ ဆိုပါတယ်။

ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်နိုင်ငံတွေ အနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ဆက်လက်လုပ်ဆောင်နိုင်အောင် ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် ကွန်ရက်တခုလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခြင်းဖြင့် အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ဗီယက်နမ်ရဲ့ ကြံရာပါနေမှုအပေါ် တုံ့ပြန် အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013