DVB Logo
Home
မြန်မာသတင်း
ခင်ဦး ဒေသခံ ၆,၀၀၀ ကျော် ထွက်ပြေးနေရ၊ ဆားလင်းကြီးတွင် ဆေးဝါးများလိုအပ်နေ
DVB
·
October 15, 2023
ခင်ဦး ဒေသခံ ၆,၀၀၀ ကျော် ထွက်ပြေးနေရ၊ ဆားလင်းကြီးတွင် ဆေးဝါးများလိုအပ်နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးလာလို့ ဒီနေ့ ဒေသခံ ၆,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ဆားလင်းကြီးမှာတော့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေမှာ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေပါတယ်။

ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းကို ရွှေဘိုဘက်ကလာတဲ့ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းနဲ့ ရွာသစ်ကုန်းပျူစောထီးရွာက ထွက်လာတဲ့ အင်အား ၃၀ ကျော်ပါတဲ့ စစ်ကြောင်းတွေကြောင့် ဒီနေ့ ဗျိုင်းကြိုင်၊ ရုံးစုတောင်၊ ရုံးစုမြောက်၊ မှန်သာလေး၊ သက်ပေး စတဲ့ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းရွာမှာ ညအိပ်ခဲ့တဲ့ စစ်ကြောင်းဟာ ခင်ဦးမြို့နယ် ရုံးစုတောင်နဲ့ ရုံးစုမြောက်(ညောင်ပင်ကြီးစု)ရွာကြားမှာ ရောက်ရှိနေပြီး ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းရွာအနောက်ဘက် အင်းကြားမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံ ၃၀ ကျော်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ရွာသစ်ကုန်း ပျူစောထီးရွာက ထွက်လာတဲ့စစ်ကြောင်းဟာ ရွာသစ်ကျေးရွာကို စီးနင်းဝင်ရောက်နေလို့ ရွာသစ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မူးသာ စတဲ့ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ခင်ဦးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကြောင်းဟာ ကံသာရွာကျေးရွာ နတ်ကြီးကုန်း တောတိုက်က ဒေသခံ ၂ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို အမျိုးသား ၁ ယောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က စစ်ဘေးရှောင်တွေကို ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့တွေမှာ အရေးပေါ်ဆေးဝါး လိုအပ်ချက်တွေရှိနေတယ်လို့  ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ နယ်လှည့် ဆေးကုသရေးအဖွဲ့ ၅ ဖွဲ့ရှိပြီး မြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၅၀ လောက်ကို ဆေးကုသပေးနေတာပါ။

နယ်လှည့်ဆေးကုသရေးအဖွဲ့တွေဟာ ပြည်သူတွေထောက်ပံ့တာကို အဓိကထားပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ ရပ်တည်နေရတာပါ။

ဆားလင်းကြီးမြို့မှာ ဆေးဝါးသယ်ယူဖို့ အခက်အခဲတွေရှိပြီး တိုက်ရိုက်ဝယ်ယူလို့မရဘဲ နီးစပ်ရာဆေးဆိုင်တွေကတဆင့် မှာယူရတာကြောင့် ပြင်ပပေါက်စျေးထက် ၂ ဆ ပေး ဝယ်နေရတယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ် ကျန်းမာရေးတာဝန်ရှိသူတယောက်က “မိုဘိုင်းလ်တဖွဲ့ကို ဆေးဖိုး ၁ လသိန်း ၃၀ လောက်ကုန်တယ်။ ဆေးတွေက စျေးအရမ်းများနေတယ်။ ကိုယ်ထူကိုယ်ထရပ်တည်ကြတာပေါ့။ ဆေးခန်းလာပြတဲ့ လူနာတွေက တတ်နိုင်သလောက် လှူဒါန်းပေးတာနဲ့ပဲ လည်ပတ်နေရပါတယ်” လို့ ပြောပါတယ်။

နယ်လှည့်ဆေးကုသရေးအဖွဲ့တွေအနေနဲ့ ကျေးရွာတွေက ပြည်သူတွေကို အခမဲ့ ဆေးကုသပေးနေပြီး ကြားကာလပညာသင်ကျောင်းတွေမှာလည်း ကျောင်းကျန်းမာရေးတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေဟာ ရာသီတုပ်ကွေး၊ ဝမ်းပျက် ဝမ်းလျှောနဲ့ အအေးမိဖျားနာဝေဒနာတွေ ခံစားနေကြရတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013