DVB Logo
Home
မြန်မာသတင်း
တောင်ငူတွင် စပါးဧက ၂ သောင်းကျော်ရေမြုပ်၊ ပဲခူးတွင် ကျောင်းများပြန်ဖွင့်တော့မည်
DVB
·
October 15, 2023
တောင်ငူတွင် စပါးဧက ၂ သောင်းကျော်ရေမြုပ်၊ ပဲခူးတွင် ကျောင်းများပြန်ဖွင့်တော့မည်
Donate to DVB

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ မိုးသည်းထန်တာကြောင့် လယ်ဧက ၂ သောင်းကျော် နစ်မြုပ်ခဲ့ပြီး ရေကြီးလို့ပိတ်ထားရတဲ့ ပဲခူးမြို့နယ်ထဲက ကျောင်းပေါင်း ၂၀၀ ကျော်ကို ပြန်ဖွင့်တော့မယ်လို့ သိရပါတယ်။

တောင်ငူမြို့မှာ အောက်တိုဘာ ၇ ရက်နေ့ထဲက မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် စိုက်ပျိုးထားတဲ့ မိုးစပါးဧက ၅ သောင်းကျော်ထဲက အနိမ့်ပိုင်းတွေမှာရှိတဲ့ ဧက ၂ သောင်းကျော် ရေနစ်မြုပ်ခဲ့တယ်လို့ တောင်ငူမြို့က စပါးစိုက်တောင်သူ တယောက်က ပြောပါတယ်။

“မိုးက ဆက်တိုက်ကောင်းတော့ လယ်တွေအကုန်ရေမြုပ်တာပဲ။ လုံးဝ ပျက်စီးသွားတာ အများကြီးမရှိပေမယ့် ရေမြုပ်တဲ့အများစုက အသုံးမဝင်တော့ဘူးလေ။ ရေမြုပ်နေတဲ့ စပါးကိုလည်း ကုန်သည်တွေက ဘယ်သူမှ မဝယ်တော့ဘူး။ ရေမြုပ်နေတာက အနိမ့်ဆုံး ဧက ၂ သောင်းကျော်လောက်ရှိတယ်။ အဲဒါကလည်း ကိုယ့်တောင်သူတွေ အချင်းချင်း တွေ့ပြီး ဘယ်မှာဘယ်လောက် ရေမြုပ်ပျက်စီးလဲဆိုတာ တွက်လိုက်တာပါ။ ဒီထက် ပိုနိုင်ဖို့ပဲရှိပါတယ်။ လုံးဝပျက်စီးမှုကတော့ ဧက ၁၀၀၀ လောက်ပဲရှိနိုင်ပါတယ်” လို့ပြောပါတယ်။

လက်ရှိမှာ ရေမြုပ်လယ်နဲ့ ပျက်စီးလယ်ဧကကို သက်ဆိုင်ရာ စိုက်ပျိုးရေး ဝန်ထမ်းတွေက လာရောက်ကွင်းဆင်း စစ်ဆေးတာမရှိသလို ကူညီဆောင်ရွက် ပေးတာလည်း မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ရေမြုပ်သွားတဲ့လယ်ကွင်းထဲ စပါးပင်တွေပြားသွားပြီး စက်နဲ့ရိတ်လို့မရတာကြောင့် မရိတ်ရဘဲ လွှင့်ပစ်လိုက်ရသလိုဖြစ်သွားတယ်လို့ စပါး ၁၀ ဧက စိုက်တဲ့ တောင်သူ‌တယောက်က ပြောပါတယ်။

"မိုးကတော့အများကြီး ဆက်မရွာတော့ပေမယ့် လယ်ကွင်း‌ထဲမှာ ရေကအပြည့်ပဲ။ ရေဖောက်ထုတ်ဖို့ကလည်း ဘေးနားက လယ်ကွင်းတွေက ရေအကုန်အပြည့်ပဲဆိုတော့ ဘယ်နားကို ဖောက်ထုတ်ရမှန်းတောင်မသိပါဘူး။ ရေကြီးတာက ၁ ပတ်လောက် ရှိပြီဆိုတော့ ကျနော့်လယ် ၁၀ ဧကလုံးက ဘယ်လိုမှကို မရတော့တာ။ ကျနော်တို့က အနိမ့်ပိုင်းတွေဖြစ်တော့ ပိုဆိုးတယ်။ ကျနော့်အကွက်နားရှိတဲ့ လယ်ဧက ၁၅၀ လောက် က ရိတ်လို့မရတဲ့အထိ ပျက်စီးသွားတာ" လို့ ပြောပါတယ်။

တောင်ငူမြို့နယ်မှာ မိုးစပါးစိုက်ဧက ၅၇,၉၈၄ ဧကကို တောင်သူ ၆,၇၃၉ ယောက်က စိုက်ပျိုးထားတယ်လို့ တောင်ငူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပဲခူးတိုင်းက ပဲခူး၊ ကဝ၊ ဒိုက်ဦး၊ သနပ်ပင်၊ သာယာဝတီနဲ့ လက်ပံတန်းတို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးလို့ စပါးစိုက်ဧက သိန်းနဲ့ချီ နစ်မြုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပဲခူးမြို့မှာတော့ ရေကြီးလို့ ပိတ်ထားခဲ့တဲ့ အခြေခံပညာကျောင်းပေါင်း ၂၆၈ ကျောင်းထဲက ၂၀၁ ကျောင်းကို အောက်တိုဘာ ၁၆ ရက်မှာ ပြန်ဖွင့်တော့မယ်လို့ သိရပါတယ်။

ပဲခူးမြို့ လူမှုကယ်ဆယ်အသင်း တာဝန်ရှိတဘောက်က “မြို့ပေါ်က ကျောင်းတွေနဲ့ တချို့ရွာတွေဘက်က ရေကျသွားတဲ့ စာသင်ကျောင်းတချို့ကို သန့်ရှင်းရေး လုပ်နေကြပါတယ်။ ကျောင်းသားတွေစာသင်တာ နောက်မကျစေချင်တဲ့သဘောပါ။ သက်ဆိုင်ရာ မီးသတ်၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့တွေနဲ့ ရပ်ကွက်ထဲက လုပ်အားပေးတဲ့ သူတွေ စုပြီးသန့်ရှင်းရေးလုပ်နေကြတာ” လို့ ပြောပါတယ်။

ဒါ့အပြင် ပဲခူးမြို့ပေါ် အထက ၃ ကျောင်းကို လာမယ့်အောက်တိုဘာ ၁၆ ရက်နေ့ကစပြီး ပုံမှန်အတိုင်း ကျောင်းကိုပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်းနဲ့ အောက်တိုဘာ ၁၇ ရက်နေ့မှာ ပထမနှစ်ဝက် စာမေးပွဲစစ်ဆေးသွားမယ်လို့ ကြေညာထားတဲ့အပေါ် ကျောင်းသားမိဘတွေနဲ့ ဒေသခံတွေအကြားမှာ ဝေဖန်တာတွေလည်း ရှိနေပါတယ်။

ပဲခူးမြို့မှာ ရေကြီးရေလျှံလို့ ပဲခူးမြို့ခံတွေအပါအဝင် အနီးပတ်ဝန်းကျင်ရွာတွေက ဒေသခံသောင်းနဲ့ချီ ရေဘေးသင့်ခဲ့လို့ ရေဘေးကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ခဲ့ရပြီး၊ ရေပြန်ကျသွားတဲ့အမြင့်ပိုင်း ရပ်ကွက်တချို့မှာတော့ ကယ်ဆယ်ရေးစခန်းတွေကို ပိတ်သိမ်းလိုက်ပြီလို့ လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

လက်ရှိ အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းအထိ ပဲခူးမြို့ပေါ်က ကျွန်းသာယာ၊ ကလျာဏီ၊ ဇိုင်းတောင်၊ မြို့သစ်၊ မဇင်း၊  ကျောက်ကြီးစု၊  ဂေါင်းဆေးကျွန်း၊ စက်ပိုင်း၊ ကျော်တွင်းကုန်း၊ ရေကျော်၊ မုန်တိုင်းရွာ စတဲ့ ရပ်ကွက်တို့မှာ ရေနစ်မြုပ်နေတုန်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013