DVB Logo
Home
မြန်မာသတင်း
ကချင်တွင် လေကြောင်းကချပေးသည့် စစ်တပ်ပစ္စည်းတချို့ KIA ရရှိ
DVB
·
October 15, 2023
ကချင်တွင် လေကြောင်းကချပေးသည့် စစ်တပ်ပစ္စည်းတချို့ KIA ရရှိ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ တိုက်ပွဲအတွင်း စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးကြောင့် အမျိုးသား ၁ ယောက် သေဆုံးသလို လိုင်ဇာမြို့နားမှာ စစ်ကောင်စီက လေကြောင်းကနေချပေးတဲ့ ထောက်ပို့ ပစ္စည်းတချို့ကို ကေအိုင်အေက ရရှိခဲ့ပါတယ်။

အောက်တိုဘာ ၁၄ ရက် မနက်ပိုင်း ဖားကန့်မြို့နယ်၊ နန့်ယားရွာဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA တို့ မအူပင်ကျေးရွာနားမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က မအူပင်ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသားတယောက်က “မနက် ၈ နာရီလောက် နန့်ယားဘက်က ဆင်းလာတဲ့ စစ်တပ်ကို KIA က မိုင်းဆွဲတိုက်ခိုက်တာ။ ၃ လုံးလောက်ရှိတယ်။ ပြီးတော့ တိုက်ပွဲ ဖြစ်တယ်။ အဲဒီလိုဖြစ်တော့ ကာမိုင်းဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ပေးတာ အမျိုးသားတယောက် လက်နက်ကြီးမှန်သေတယ်။ စစ်တပ်က နေအိမ် ၅ လုံးကို မီးရှို့သွားတယ်။ ဘုရားကျောင်းလည်း လက်နက်ကြီးမှန်လို့ အနောက်ဆောင် ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်လို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေတုန်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးဟာ ကုလားကျေးရွာနဲ့ ရေကာတာအနီးလယ်ကွင်းထဲကို ကျရောက် ပေါက်ကွဲခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ အသက် ၃၅ နှစ်အရွယ် ဦးဂူးမားကို ထိခိုက်သေဆုံးခဲ့တာပါ။

အောက်တိုဘာ ၁၄ ရက်ညနေပိုင်းမှာတော့ လိုင်ဇာမြို့အနီး၊ နမ်ဆန်ယန်နားက အောင်ဂျာယန်နဲ့ မဒီးယန်ဘက်ကို စစ်ကောင်စီက လေကြောင်းကနေ ထောက်ပို့ပစ္စည်းတွေ လာချပေးခဲ့ပြီး တချို့ကို KIA ဘက်က သိမ်းဆည်းရရှိထားတယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

KIA ရှေ့တန်းသတင်းရင်းမြစ် ၁ ယောက်က “ဟုတ်တယ်။ ဟုတ်တယ်။ လူတော့မဟုတ်ဘူး။ ပစ္စည်းလာချတာ။ လေထီးနဲ့ ပစ္စည်း လာချပေးတာ။ သိမ်းယူရရှိထားတာ" လို့ ပြောပါတယ်။ 

နမ်ဆန်ယန်အနီး အောင်ဂျာယန်နဲ့ မဒီးယန် ဝန်းကျင်မှာပိတ်မိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေအတွက် ရိက္ခာ ထုပ် ၁၂ ထုပ် လာချတဲ့အထဲက ၁ ထုပ်က ​လေထီး မပွင့်လို့ ဖရိုဖရဲလွင့်စင်သွားပြီး KIA ဘက်က ရလိုက်တာလို့ သူက ပြောပါတယ်။ 

လေထီးနဲ့ လာချသွားတဲ့ အထုပ်တွေထဲမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လက်နက်ခဲယမ်း ပစ္စည်းတွေ ပါတယ်လို့ နောက်ထပ် KIA ရှေ့တန်း သတင်းရင်းမြစ် ၁ ယောက်ကလည်း ပြောပါတယ်။ 

“ဒီနေ့ ရလာတဲ့ ပစ္စည်းတွေ။ များတော့များတယ်။ လက်နက်ကြီးကျည်တွေလည်း ရတယ်။ တခြားကျည်တွေရော ရတယ်။ ဟယ်လီကော်ပတာကနေ မြေပြင်ဘက် ထောက်ပို့ လာချတာ။ အဲမှာ လေထီးတွေတောင် ပါတယ်" လို့ ပြောပါတယ်။ 

အဲဒီ အထုပ်တွေ လုယူကြရာက နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ထောက်ပို့ ပစ္စည်းတချို့ ကေအိုင်အေဘက်ကိုပါသွားတာကြောင့် မြစ်ကြီးနားစစ်ကောင်စီလေတပ်က ဂျက်လေယာဉ် ၃ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း KIA ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

နမ်ဆန်ယန်အနီး အောင်ဂျာယန်ဘက်ကို အောက်တိုဘာ ၁၃ ရက်နေ့  ညနေ ၅ နာရီကျော်မှာ ၂ ကြိမ်၊ ည ၈ နာရီကျော်မှာ ၂ ကြိမ် လေယာဉ် ၃ စီးနဲ့ ဗုံးကြဲခဲ့သလို အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ဂျက်ဖိုက်တာ ၄ စီးနဲ့ ၄ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013