DVB Logo
Home
မြန်မာသတင်း
တပ်တွင်းဆူပူလာသဖြင့် ဦးပိုင်အမြတ်ငွေတွေထုတ်ပေး ဟု ဆို
DVB
·
October 15, 2023
တပ်တွင်းဆူပူလာသဖြင့် ဦးပိုင်အမြတ်ငွေတွေထုတ်ပေး ဟု ဆို
Donate to DVB

စစ်တပ်ပိုင်လုပ်ငန်းစုဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က အမြတ်ငွေတွေ ထုတ်ပေးတာဟာ စစ်ကောင်စီတပ်တွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အောက်ခြေ စစ်သည်မိသားစုတွေ ဆူပူတာကြောင့်လို့ CDM တပ်မတော်သားတွေ ဆီက သိရပါတယ်။

စစ်သည်တွေရဲ့လစာငွေတွေနဲ့လည်ပတ်နေတာဖြစ်ပြီး ဦးပိုင်အမြတ်ငွေတွေ ထုတ်မပေးတာကြာနေတာကြောင့် စစ်တပ်မိသားစုတွေ ဝေဖန်တောင်းဆိုတာတွေရှိလာပြီး မကြာခင်ရက်ပိုင်းကမှ အမြတ်ငွေထုတ်ပေးခဲ့တာပါ။

လွတ်မြောက်နယ်မြေရောက် CDM တပ်မတော်သားတယောက်က “စစ်တပ်က ဦးပိုင်စုငွေတွေကို မထုတ်ပေးတာကြာပြီလို့ ကြားတယ်။ သေချာတော့ မသိဘူး။ တနှစ်နေလို့ မေ့လောက်မှ တခါရတာဗျ။ ကျနော်တာဝန်ထမ်းဆောင်တုန်းက တခါ ရဖူးတယ်။ ရတာကလည်း လစာထည့်ဝင်ငွေနဲ့ဆိုင်တယ်။ အခုက အဲလိုမေ့လောက်မှ တခါပေးတာတောင်မှ မပေးလို့ စစ်သည်တွေရဲ့ မိန်းမရဲမေတွေက လိုင်းပေါ်တင်တာတွေ၊ တပ်တွင်းဆန္ဒထုတ်ဖော်ပွဲတွေမှာ ပြောဆိုတာမျိုးတွေကြောင့် ထုတ်ပေးတာလို့တော့ ကြားတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဒီငွေတွေက ပြည်သူတွေရဲ့ အခွန်ငွေတွေကတဆင့် စစ်သားတွေရဲ့လစာငွေ၊ အဲကနေမှ တဆင့်ဖြတ်စားပြီး လည်ပတ်နေတာ” လို့ ပြောပါတယ်။

သူ တပ်ထဲမှာရှိနေတုန်းကလည်း ဦးပိုင်အတွက် အစုရှယ်ယာထည့်ဖို့ အတင်း ဖိအားပေးတာ ကြုံခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီနေ့အချိန်အထိ ရေတပ်မိသားစုတွေအတွက် ဦးပိုင်အမြတ်ငွေမရကြသေးဘူးလို့ တပ်တွင်းနေသူတွေဆီက သိရသလို တချို့ကလည်း အမြတ်ငွေထုတ်ပြီး အရင်း ပြန်ထည့်လိုက်ရတာတွေရှိတယ်လို့ ဆိုပါတယ်။

ဦးပိုင်လီမိတက်ကို ၁၉၉ဝ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တည်ထောင်တုန်းကတည်းက စစ်တပ်က ၆ဝ ရာခိုင်နှုန်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ၄ဝ ရာခိုင်နှုန်းပါဝင်ခဲ့တာဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ ဦးပိုင်အမြတ်ငွေအဖြစ် ထည့်ဝင်ထားငွေရဲ့ ၁ဝ ရာခိုင်နှုန်းသတ်မှတ်ခဲ့ပြီး၊ ၁၉၉၃ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ၁၅ ရာခိုင်းနှုန်းကနေ ၁၉၉၆ ခုနှစ်ကနေ ယနေ့အချိန်အထိ ၃ဝ ရာခိုင်နှုန်းဆိုပြီး သတ်မှတ်ခဲ့တာပါ။

လက်ရှိအချိန်အထိ စစ်တပ်တွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ တပ်သားအဆင့်ကနေ အရာခံဗိုလ်အဆင့်ထိ ၁၅ သိန်းကျပ်၊ ဒုဗိုလ်အဆင့်ကနေ ဗိုလ်မှူးအဆင့်ထိ ကျပ်သိန်း ၃ဝ၊ ဒုတိယဗိုလ်မှူးကြီးအဆင့်ကနေ ဗိုလ်မှူးချုပ်အဆင့်အထိ ကျပ်သိန်း ၅ဝ၊ ဗိုလ်ချုပ်အဆင့်နဲ့ အထက်အားလုံး ကျပ်သိန်း ၁ဝဝ ထည့်ဝင်ရတာ ဖြစ်ပါတယ်။

၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဦးပိုင်အမြတ်ငွေတွေကို စစ်ကောင်စီတပ်က ကချင်ပြည်နယ်၊ လိုင်ဇာက မုန်လိုင်ခက် စစ်ရှောင်စခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် ၂ ရက်မြောက်နေ့မှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်-ရမခက လက်ရုံးတပ်တွေကို စတင်ထုတ်ပေးခဲ့ပါတယ်။

ဓာတ်ပုံ-စစ်ကောင်စီလော်ဘီချန်နယ်များ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013