
၂၀၂၆ ဒုတိယသုံးလပတ်အတွင်း တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီး ဆမ်ဆောင်း အီလက်ထရာနစ်ရဲ့ လုပ်ငန်းလည်ပတ်မှု အမြတ်ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၁၉ ဆအထိ မြင့်တက်လာပါတယ်။
အခုနှစ် ဧပြီလကနေ ဇွန်လအထိ ကမ္ဘာ့အကြီးမားဆုံး Memory ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှု အမြတ်ဝင်ငွေဟာ ဒေါ်လာ ၆၂ ဘီလီယံ ရရှိခဲ့တာကို တွေ့ရပြီး ဒါဟာ ၁,၈၁၃ ရာခိုင်နှုန်းကျော် ထိုးတက်လာခဲ့တာပါ။
ဇူလိုင် ၃၀ ရက် ကြေညာချက်အရ ဆမ်ဆောင်းဟာ ဒေါ်လာ ၁၁၉ ဒသမ ၃ ဘီလီယံအထိ ဝင်ငွေရခဲ့ပေမဲ့လည်း အသားတင်အမြတ် ဒေါ်လာ ၄၉ ဒသမ ၈ ဘီလီယံသာ ကျန်ရှိတယ်ဆိုပြီး ဖော်ပြထားပါတယ်။
AI နည်းပညာကြောင့် Memory ချစ်ပ်ပြား ဝယ်လိုအား ကောင်းနေတာနဲ့အမျှ ဆမ်ဆောင်း အပါအဝင် တခြားထုတ်လုပ်ရေးကုမ္ပဏီကြီးတွေရဲ့ အမြတ်ဝင်ငွေပါ တဟုန်ထိုး တက်လာခဲ့ပါတယ်။
ဥပမာအားဖြင့် တောင်ကိုရီးယားက ဆမ်ဆောင်းနဲ့ အက်စ်ကေ ဟိုင်းနစ် အပါအဝင် အမေရိကန်က မိုက်ခရွန် တို့ဟာ အဆင့်မြင့် HBM ချပ်စ်ပြားတွေကို ထုတ်လုပ်တဲ့နေရာမှာ ကမ္ဘာ့ ထိပ်တန်းကုမ္ပဏီကြီးတွေ ဖြစ်ကြပါတယ်။
ဒါပေမဲ့လည်း ဒီလောက်များပြားတဲ့ အမြတ်ဝင်ငွေဆိုင်ရာ ခန့်မှန်းချက်တွေဟာ တကယ်ရော ဖြစ်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတဲ့အလျောက် ဆမ်ဆောင်း စတော့ရှယ်ယာစျေးက ၁၂ ရာခိုင်နှုန်းနဲ့ အထက်ကို လျော့ကျသွားခဲ့ပါတယ်။
တချိန်တည်းမှာ AI ဒေတာစင်တာတွေ အသစ်တည်ဆောက်ဖို့ အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့လာတာနဲ့အမျှ ချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်းတွေ ဆက်ပြီး ဝင်ငွေကောင်းနေဦးမှာ ဖြစ်တယ်လို့ လေ့လာသူတွေအနေနဲ့ သုံးသပ်ထားပါတယ်။
တောင်ကိုရီးယားအစိုးရကလည်း ဆမ်ဆောင်းနဲ့ အက်စ်ကေ ဟိုင်းနစ်တို့ ပူးပေါင်းပြီး ဒေါ်လာဘီလီယံ ၅၀၀ ကျော် တန်ကြေးရှိတဲ့ တပိုင်းလျှပ်ကူးပစ္စည်း စက်ရုံ ၄ ရုံကို ဂွမ်ဂျူးမြို့မှာ တည်ဆောက်ဖို့အတွက် အတည်ပြုထားပါတယ်။
အဲဒီနောက် တောင်ကိုရီးယားနိုင်ငံရဲ့ အခွန်ဘဏ္ဍာငွေကိုပါ တိုးပွားလာစေခဲ့တဲ့အတွက် လက်ရှိအချိန်ဟာ AI နဲ့ ဆက်စပ်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် “ရွှေရောင်ကာလ” ဖြစ်တယ်ဆိုပြီး သမ္မတ အီဂျယ်မြောင်က တင်စားပြောပါတယ်။










