DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်  ဆော်ဒီမင်းသားနှင့် ယူအေအီးသမ္မတတို့ကို တွေဆုံ   
DVB
·
October 15, 2023
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်  ဆော်ဒီမင်းသားနှင့် ယူအေအီးသမ္မတတို့ကို တွေဆုံ   
Donate to DVB

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖှိုင်ဇလ်ဘင်န်ဖှာရန်နဲ့ အောက်တိုဘာ ၁၄ ရက် စနေနေ့က ဆော်ဒီအာရေဗျမြို့တော် ရီယာ့ဒ်မှာ တွေ့ဆုံခဲ့ပြီး အစ္စရေး ဂါဇာကမ်းမြောင် အကျပ်အတည်းနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။

ဆော်ဒီမင်းသား ဘင်န်ဖှာရန်က ပဋိပက္ခ နှစ်ဘက်လုံးရှိ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး ပဋိပက္ခပြင်းထန်မှု လျော့ပါးရေးကို အရေးတကြီး လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။

ဒေသတွင်းမှာ ခက်ခဲနေတဲ့ အခုချိန်မှာ ဒေသတွင်းလုံခြုံရေးအတွက် အမေရိကန်နဲ့ ဆော်ဒီအာရေးဗျတို့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်ဖို့ အရေးကြီးတယ်လို့ ထင်မြင်ကြောင်း ဆော်ဒီနိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။

ဒီအကြမ်းဖက်မှုသံသရာကနေ လွတ်မြောက်ဖို့အတွက် နည်းလမ်းရှာဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်းနဲ့ ဒီအကြမ်းဖက်မှုကို အဆုံးမသတ်နိုင်ရင် အရပ်သားပြည်သူတွေက အရင်ဆုံး ဒုက္ခခံစားရတာဖြစ်ပြီး နှစ်ဖက်စလုံးရှိ အရပ်သားတွေပဲ ပေးဆပ်နေရတာဖြစ်ကြောင်း မင်းသားဘင်န်ဖှာရန်က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့သီတင်းပတ်က အစ္စရေးနိုင်ငံကို နယ်စပ်ဖြတ်ကျော် ချေမှုန်းမှုမှာ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေကြောင့် နိုင်ငံပေါင်း ၃၀ ကျော်မှ လူပေါင်း ၁၃၀၀ သေဆုံးခဲ့ရတာဟာ အစွန်းရောက်လွန်းတဲ့ အကြမ်းဖက်လုပ်ရပ်လို့ ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ ပါလက်စတိုင်းပြည်သူတွေကို ကိုယ်စားပြုသူတွေ မဟုတ်သလို အနာဂတ်အတွက် တရားဝင်ဆန္ဒပြုထားသူတွေလည်း မဟုတ်ကြောင်းနဲ့ ဟားမတ်စ်ဟာ အကြမ်းဖက်အဖွဲ့ဖြစ်ပြီး သူ့ရဲ့ တခုတည်းသော အစီအစဉ်မှာ အစ္စရေးနိုင်ငံကို ဖျက်ဆီးဖို့နဲ့ ဂျူးလူမျိုးတွေကို သတ်ဖြတ်ဖို့ဖြစ်ကြောင်း ဘလင်ကန်က ပြောပါတယ်။

ဟားမတ်စ်နဲ့ပတ်သက်လာရင် တကမ္ဘာလုံးက ဒါကို  ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။

တချိန်တည်းမှာပဲ အစ္စရေးဟာ သူ့ပြည်သူတွေကို ခုခံကာကွယ်မယ့် တရားဝင်အခွင့်အရေးကို ရအောင်နဲ့ နောက်တကြိမ်လုံးဝ ထပ်မဖြစ်စေအောင် အသေချာကို ကြိုးစားနေတာကြောင့် အရပ်သားတွေအတွက် သေချာသတိထားပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

အထူးသဖြင့် ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေသူတွေကို လက်လှမ်းမီနိုင်စေဖို့ စင်္ကြံတွေ ထူထောင်ရေးတို့ကို လုပ်ဆောင်နေကြောင်းလည်း ဘလင့်ကန်က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ အစ္စရေးနဲ့ ပါလက်စတိုင်း ဟားမတ်စ်တွေအကြား ပဋိပက္ခကို ပိုကြီးမားတဲ့ စစ်ပွဲအဖြစ်ကို ရောက်မသွားစေအောင် တားဆီးနိုင်ဖို့ မျှော်လင့်ချက်နဲ့ ဒေသတွင်း ၇ နိုင်ငံ ခရီးစဉ်ကို သွားရောက်နေတာဖြစ်ပြီး ဟားမတ်စ်က ဖမ်းဆီးထားတဲ့ အစ္စရေးနဲ့ အမေရိကန် ဓားစာခံတွေ လွတ်မြောက်ရေးအတွက် ကူညီပေးဖို့လည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) သမ္မတ မိုဟမ်မဒ်ဘင်ဇာယက်ဒ်နဲ့လည်း မြို့တော်အဘူဒါဘီမှာ အောက်တိုဘာ ၁၄ ရက်က တွေ့ဆုံခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခကျယ်ပြန့်လာမှာကို တားဆီးဖို့ ရည်ရွယ်တဲ့ ဒေသဆိုင်ရာ အလည်အပတ် ခရီးစဉ်အတွင်း ခုလိုတွေ့ဆုံခဲ့တာပါ။

အဘူဒါဘီခရီးစဉ်ဟာ ဘလင်ကန်ရဲ့ အရှေ့အလယ်ပိုင်း ခုနစ်နိုင်ငံ ခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

ဘလင်ကန်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဆီ ဖုန်းခေါ်ဆိုမှုအတွင်း အစ္စရေး-ဂါဇာ ပဋိပက္ခ ကျယ်ပြန့်လာရာက ကြီးမားတဲ့ စစ်ပွဲဖြစ်မလာအောင် တားဆီးရာမှာ တရုတ်က ပူးပေါင်းဆောင်ရွက်လာအောင် ကြိုးပမ်းခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘိုလာအဖွဲ့လိုမျိုး အီရန်နဲ့ အီရန် ကျောထောက်နောက်ခံပြုအဖွဲ့တွေ လတ်တလော ပဋိပက္ခအတွင်း ဝင်မလာတာ သေချာအောင်လုပ်ဖို့ အမေရိကန် အစိုးရက ဆုံးဖြတ်ထားပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်က အစ္စရေးမြို့တွေကို စီးနင်းဝင်ရောက်ပြီး အရပ်သားတွေကို သေနတ်နဲ့ ပစ်သတ်ရင်း ဓားစာခံ အများကြီး ဖမ်းသွားတဲ့ တိုက်ခိုက်ရေး သမားတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့ကို ချေမှုန်းဖို့ အစ္စရေးက ကတိပြုထားပါတယ်။

အစ္စရေးသမိုင်းတလျှောက် အဆိုးရွားဆုံး တိုက်ခိုက်မှုအတွင်း စနေညပိုင်းထိ အချက်အလက်တွေအရ  လူပေါင်း ၃၃၀၀ လောက် သေဆုံးခဲ့ပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013