
ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ မောင်တောမြို့တွေမှာ ဆိုင်ကယ်အရောင်းဆိုင်တွေကနေ လိုင်စင်မဲ့ ဆိုင်ကယ် အစီး ၆၀ လောက်ကို အောက်တိုဘာ ၁၃ ရက် ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီ အမိန့်နဲ့ ရဲတပ်ဖွဲ့က သိမ်းဆည်းသွားတယ်လို့ ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
စစ်တွေမြို့ရှိ KanBo (ခ)ဘိုမ ဆိုင်ကယ် အရောင်းဆိုင်ကနေ ဆိုင်ကယ်မျိုးစုံ အစီး ၅၀ ကျော်နဲ့ မောင်တောမြို့ မေတ္တာမွန် ဆိုင်ကယ်အရောင်းဆိုင်ကနေ ၈ စီးတို့ သိမ်းဆည်းခံရကြတာပါ။
စစ်တွေမြို့က ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက "စစ်တွေက အစီး ၅၀ ကျော် ဖမ်းတယ်လို့သိရတယ်ဗျ။ မောင်တောမှာတော့ ၈ စီးဖမ်းတာရှိတယ်။ အဲ့ဒီဆိုင်ကယ်တွေကို ဘယ်လိုလုပ်မယ်ဆိုတာတော့ အခုအချိန်အထိမသိရသေးဘူး။ တရားရုံးလည်း မတင်သေးဘူး။ ဒီဆိုင်ကယ်တွေက (ကညန)မှ လိုင်စင်လျှောက်ထားဆဲ ဆိုက်ကယ်တွေပါ"လို့ ပြောပါတယ်။
ဆိုင်ကယ်တွေတင်သွင်းရောင်းချတဲ့ ကုမ္ပဏီတွေဟာ အရင်က မူဆယ်နယ်စပ်ကနေ တရားဝင် တင်သွင်းခဲ့ကြတာဖြစ်ပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီက မူဆယ်လမ်းကြောင်းကနေ စက်တပ်ဆိုင်ကယ်တွေ တရားဝင်တင်သွင်းခွင့် ပိတ်ပင်ခဲ့တာပါ။
ဒီနောက်ပိုင်း လျှပ်စစ်ဆိုက်ကယ်နဲ့ လျှပ်စစ်ကားတွေ တင်သွင်းမှုကိုသာခွင့်ပြုလာခဲ့ပြီး စက်တပ်ဆိုက်ကယ်တွေကတော့ ဒီကနေ့အထိ တင်သွင်းခွင့်မပြုသေးပါဘူး။
ဆိုင်ကယ် တရားဝင်တင်သွင်းတဲ့ ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက "ဆိုင်ကယ်ကို တရားဝင် အခွင်ဆောင်ပြီး တရုတ်နိုင်က တင်သွင်းနေကြတဲ့ ကုမ္ပဏီတွ အခုအထိ တင်သွင်းခွင့် မရကြသေးဘူဗျ။ အဲ့ဒီလိုတင်သွင်းခွင့်မရတော့ ဆိုင်ကယ်ဈေးက နှစ်ဆကျော် သုံးဆနီးပါး မြင့်တက်သွားခဲ့တယ်။ အဓိက နစ်နာတာက ပြည်သူတွေပေါ့ဗျာ”လို့ ပြောပါတယ်။
လက်ရှိ Super Kanbo ဆိုင်ကယ်တစီးကို ကျပ် ၅ သိန်းမှ ၁၃ သိန်းကျော်ရှိနေပြီး ထိုင်းကနေတင်သွင်းတဲ့ဆိုက်ကယ်တွေဖြစ်တဲ့ ဟွန်ဒါ Dream၊ Wave 125 စတဲ့ ဆိုင်ကယ်တွေကတော့ အရင်က ကျပ် ၁၀ သိန်းဈေးရှိရာကနေ လက်ရှိက ကျပ် သိန်း ၄၀ မှ ၅၀ အထိစျေးပေါက်တယ်လို့ ဆိုင်ကယ် ပွဲစားတွေထံက သိရပါတယ်။










