DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လျှပ်စစ်မီးမရသဖြင့် အသေးစားလုပ်ငန်းများ ဝင်ငွေလျော့နည်းပြီး အခက်ကြုံ
DVB
·
October 15, 2023
ရန်ကုန်တွင် လျှပ်စစ်မီးမရသဖြင့် အသေးစားလုပ်ငန်းများ ဝင်ငွေလျော့နည်းပြီး အခက်ကြုံ
Donate to DVB

ရန်ကုန်မှာ အောက်တိုဘာလ ပထမအပတ်ကတည်းက လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြန်လည် ပြတ်တောက်လာတာကြောင့် အသေးစားလုပ်ငန်းတွေ ဝင်ငွေလျော့ ကျလာကာ ကုန်ကျစရိတ်တွေ မြင့်တက်လာတယ်လို့ မြို့ခံတွေက ပါတယ်။

ရန်ကုန်မြို့မှာ အရင်က လျှပ်စစ်မီးကို ၄ နာရီခြားတခါ ရရှိခဲ့ပေမဲ့ အခုလမှာတော့ ၄ နာရီခြား မရတော့ဘဲ တနေကုန်နေမှ ၁ နာရီလောက်သာမီးလာပြီး တနေကုန်ပျက်တဲ့ရက်တွေရှိလာသလို တနေကုန်မီးမရဘဲ ညအချိန်လောက်သာ မီးရတော့တဲ့အခြေအနေတွေဖြစ်လာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဒါကြောင့်လည်း လျှပ်စစ်မီးကို အားကိုးပြီးလုပ်ကိုင်နေရတဲ့ အသေးစားလုပ်ငန်းလေးတွေဖြစ်တဲ့ မိတ္တူဆိုင်၊ တွင်ခုံလုပ်ငန်း၊ သံဖြူလုပ်ငန်း၊ အဝတ်လျှော်လုပ်ငန်း စတဲ့လုပ်ငန်းတွေဟာ ကုန်ကျစရိတ်ပိုမိုလာတဲ့အပြင် အရင်ကရတဲ့ ဝင်ငွေထက်ပိုမိုလျော့နည်းလာတယ်လို့ သိရပါတယ်။

မိတ္တူဆိုင်ဖွင့်ထားသူတဦးက “မီးပျက်ပြီဆိုရင် လုပ်ငန်းကရပ်သွားတော့တာပဲ။ မီးစက်နဲ့လုပ်ပါဆိုပြန်တော့ စာရွက်တရွက် မိတ္တူလာဆွဲရင် ရမှာက ၁၀၀၊ ကုန်မယ့်ဆီနဲ့ ဘယ်လိုလုပ်ကိုက်မှာလဲ။ ၁ နာရီမီးလာရင် မိတ္တူလာကူးပါစေပဲ ဆုတောင်းနေရတယ်။ တခါတလေကျတော့ ၁ နာရီမီးလာလို့ အပ်ထားတာလေးတွေ လုပ်ပြန်တော့ ခဏလာပြီး ပြန်ပျက်။ ဘယ်ချိန်ပြန်လာမယ်မှန်းမသိ၊ လုပ်ရကိုင်ရတော်တော်ခက်လာတယ်” လို့ ပြောပါတယ်။

လျှပ်စစ်မီး အချိန်ကြာမြင့်စွာပျက်တာတွေကြောင့် ရန်ကုန်မြို့မှာ အင်ဗာတာ၊ မီးစက်၊ ဘက်ထရီနဲ့ လျှပ်စစ်အားသွင်း ပန်ကာ၊ အားသွင်းမီးသီးတွေ အရောင်းအဝယ်လိုက်နေတယ်လို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေက ပြောပါတယ်။

လျှပ်စစ်ပစ္စည်းအရောင်းဆိုင်က ဝန်ထမ်းတဦးက  “အဓိကအရောင်းသွက်တာ မီးသီးနဲ့ ပန်ကာ။ မီးကလည်း ခဏခဏပျက်၊ ရာသီဥတုကလည်း ပူလာတော့ အဲ့ဒီနှစ်မျိုးက အတော်လေးရောင်းရတာလို့တော့ ထင်တယ်” လို့ ပြောပါတယ်။

ရန်ကုန်မှာ အခုလို လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေတာနဲ့ပတ်သက်ပြီး လျှပ်စစ်ရုံးက တစုံတရာ အသိပေးထုတ်ပြန်ထားတာမျိုး မရှိသေးဘဲ ဓာတ်အားလိုင်းတွေ ပြုပြင်တာ၊ ဓာတ်အားခွဲရုံတွေ ပြောင်းရွှေ့တာတွေကြောင့် မီးပျက်မယ်ဆိုတဲ့ အကြောင်းမျိုးတွေကိုပဲ အသိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013