
လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ အလုပ်လုပ်နေရင်း ရိုက်တာသတင်း ဗီဒီယိုရိုက်ကူးသူ Issam Abdallah သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းဌာနက အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ ပါတယ်။
ဗီဒီယိုရိုက်ကူးသူ Issam Abdallah ဟာ လက်ဘနွန်-အစ္စရေး နယ်စပ်အနီးမှာ တိုက်ရိုက် ဗီဒီယိုထုတ်လွှင့်မှု လုပ်ပေးနေတဲ့ လက်ဘနွန်တောင်ပိုင်းရှိ ရိုက်တာအဖွဲ့သားတယောက် ဖြစ်ပါတယ်။
Issam သေဆုံးမှုအတွက် နောက်ထပ်အချက်အလက်တွေကိုလည်း အရေးတကြီး ရှာဖွေနေပြီး ဒေသတွင်းအာဏာပိုင်တွေနဲ့အတူ လုပ်ဆောင်နေကြောင်းနဲ့ Issam ရဲ့ မိသားစုနဲ့ လုပ်ဖော် ကိုင်ဖက် တွေကိုလည်း ပံ့ပိုးပေးနေကြောင်း ရိုက်တာရဲ့ထုတ်ပြန်ချက်ထဲမှာ ဆိုထားပါတယ်။
တခြား ရိုက်တာသတင်းထောက် ၂ ဦးဖြစ်တဲ့ Thaier Al-Sudani နဲ့ Maher Nazeh တို့လည်း ဒဏ်ရာအနည်းငယ်စီ ရခဲ့ကြပါတယ်။
အလ်ဂျာဇီးရား သတင်းဌာနကလည်း သူတို့ရဲ့သတင်းထောက် ၂ ဦး ဖြစ်တဲ့ Carmen Joukhadar နဲ့ Eli Brakhya တို့လည်း နယ်စပ်ဒေသ တိုက်ပွဲတွေမှာ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ရိုက်တာ ဗီဒီယိုသတင်းထောက် သေဆုံးမှုအပေါ် အစ္စရေးနိုင်ငံမှ စုံစမ်းစစ်ဆေးမှာဖြစ်ကြောင်း ကုလသမဂ္ဂသံအမတ်ကြီး ဂီလဒ် အာဒန်က သောကြာနေ့မှာ သတင်းထောက်တွေ ပြောကြား ခဲ့ပါတယ်။
“အရပ်သား အသေအပျောက်တွေကို လျော့ပါးအောင် ရှောင်ရှားဖို့ အမြဲတမ်း ကြိုးစားနေပါတယ်။ သေချာတာကတော့ သူ့ အလုပ် သူ လုပ်နေတဲ့ သတင်းထောက် တယောက်ကို ထိခိုက်အောင် လုပ်တာ၊ သတ်ပစ်တာမျိုး လုံးဝလုပ်မှာ မဟုတ်ပါဘူး” လို့ ပြောဆိုပါတယ်။
ဒါပေမယ့် စစ်ဖြစ်နေတဲ့ အခြေအနေမှာ ဒီလိုအဖြစ်မျိုးတွေ ဖြစ်လာနိုင်ပြီး အဲဒီအတွက်လည်း စိတ်မကောင်းဖြစ်ရကြောင်းနဲ့ စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ကြောင်းလည်း ကုလသံအမတ် ဂီလဒ် အာဒန်က ပြောပါတယ်။
Source/Photo-Reuters










