
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အသက်အန္တရာယ်ကြားကနေ စိုက်ပျိုးရေး ပြန်လည်လုပ်ကိုင်နေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို စစ်တပ်က ဒရုန်းနဲ့ လိုက်လံတိုက်ခိုက်တာတွေ ရှိနေလို့ စိုက်ပျိုးခင်းတွေကို စွန့်ပစ်ကာ ထပ်မံထွက်ပြေးနေကြရပါတယ်။
အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ် စိုက်ပျိုးရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီးမော့ဆိုမြို့နယ်မှာ မိုးစပါး ၃၂,၂၆၆ ဧက စိုက်ပျိုးဖို့ လျာထားခဲ့တာပါ။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် စိုက်ကွင်းဧရိယာ အများအပြား ပျက်စီး စွန့်ပစ်ခံထားခဲ့ရသလို မိုင်းကွင်းတွေအဖြစ်နဲ့ ရှိနေပါတယ်။
လက်ရှိ ပြည်နယ်လူဦးရေရဲ့ ၃ ပုံ ၂ ပုံနီးပါး စစ်ရှောင်နေရလို့ မိုးစပါးနဲ့ ရာသီသီးနှံ ထုတ်လုပ်မှုဟာ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ထိခိုက်ကျဆင်းသွားခဲ့တယ်လို့ ဒေသတွင်း ထုတ်ပြန်ချက်တွေက ဖော်ပြနေပါတယ်။
အကျိုးဆက်အနေနဲ့ စားဝတ်နေရေး ကျပ်လာနေတဲ့ စစ်ဘေးရှောင် တောင်သူတချို့ဟာ စိုက်ကွင်းဧရိယာ အများဆုံးရှိတဲ့ ဒေါငံခါး၊ ကုန်းသာနဲ့ ငွေတောင် စိုက်ခင်းတွေဆီ ပြန်လည်ဝင်ရောက်ပြီး စိုက်ပျိုးရေး လုပ်ကိုင်နေကြရတာပါ။
အခုလို စိုက်ပျိုးရေးလုပ်နေသူတွေကို စစ်တပ်က ဒရုန်းတွေနဲ့ လိုက်တိုက်ခိုက်နေတယ်လို့ စိုက်ပျိုးတောင်သူတွေက DVB ကို ပြောပါတယ်။
တောင်သူတယောက်က “လာမဲ့နှစ်ဆိုရင် စိုးရိမ်ရမှာပေါ့နော် ဘာစားမလဲပေါ့။ ကျမတို့ လုပ်ထားတဲ့ တောင်ယာမြေတွေဆိုရင်လည်း ဘယ်လိုလာမလဲ၊ ဘယ်လိုလုပ်ရမလဲ၊ ခြံလည်း မလုပ်နိုင်၊ စစ်ကြောင်း ဒီဘက်များ ထိုးလာမလား၊ အများကြီးတော့ စိုးရိမ်စရာတော့ ရှိတယ်။ လုပ်သာလုပ်ရတယ်၊ စိတ်က မချနေဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးကို ပြန်စိုးမိုးနိုင်ဖို့ ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်ကနေ ပြီးခဲ့တဲ့လထဲက ဒေါငံခါးနဲ့ ကုန်းသာကျေးရွာဘက်တွေကို မြေပြင် စစ်ကြောင်းထိုးနေတာပါ။
လတ်တလော စစ်တပ်ရဲ့စစ်ကြောင်း နီးလာနေလို့ ကုန်းသာကျေးရွာမှာ စိုက်ပျိုးရေးလုပ်ဖို့ ပြန်နေနေကြတဲ့ အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ၆၃ ယောက်ဟာ စိုက်ခင်းတွေကို စွန့်ပစ်ပြီး ပြည်တောင်သာ စစ်ရှောင်စခန်းဆီ အရေးပေါ် ပြန်လည်ခိုလှုံနေကြရပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်းနဲ့ပတ်သက်ပြီး စစ်ရေးရင်းမြစ်တယောက်က “တပ်သားတွေကတော့ ပစ (ပြည်သူ့စစ်မှုထမ်း) တွေ ၁၀၂ ထဲ ဝင်ပြီးမှ နောက်မှ တဆင့်ပြန်ထိုးတာ” လို့ ပြောပါတယ်။
စစ်ကြောင်း နီးလာနေတဲ့အတွက် မဖြစ်မနေ လယ်ပြန်လုပ်မဲ့သူတွေဟာ နယ်မြေခံရဲဘော်တွေကို ဆက်သွယ်ကာ လုံခြုံရေးအခြေအနေ မေးမြန်းဖို့နဲ့ လယ်စိုက်နေတဲ့ ဒရုန်းတွေကို သတိထားဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကရင်နီပြည်နယ်က ပြည်သူနဲ့ စစ်ရှောင်တွေရဲ့ ဝင်ငွေရမဲ့ လမ်းကြောင်းတွေနဲ့ စိုက်ပျိုးသီးနှံခင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် ကရင်နီပြည်နယ်မှာ အငတ်ဘေးနဲ့ ကြုံတွေ့ဖို့ ရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ကလည်း သတိပေးထားပါတယ်။










